“ သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်၊ မဝင်နဲ့ သတင်းမီဒီယာ ပြဿ နာ”

“ သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်၊ မဝင်နဲ့ သတင်းမီဒီယာ ပြဿ နာ”

အခုရက်ပိုင်းအတွင်း ပြည်သူတွေကြား လှုပ်ခတ်သွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ သမ္မတဦးသိန်းစိန်ရွေးကောက်ပွဲ မဝင်တော့ ဘူးဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကနဦး သတင်း ထုတ်ပြန်ခဲ့တဲ့ သတင်းဌာနတွေကတော့ ရိုက်တာ၊ ဘီဘီစီ(Burmese) ဖြစ်ပြီး နေပြည်တော် အခြေစိုက် ဘီဘီစီ သတင်းထောက်ကတော့ သမ္မတ ဦးသိန်းစိန် ဆီကနေ လွှတ်တော် နာယက သူရဦးရွှေမန်းဆီကို ပေးပို့တဲ့ အဲဒီစာကို ကိုယ်တိုင် ဖတ်ရှုလိုက်ရတယ်လို့ ဆိုပါတယ်။

သတင်းက စိတ်ဝင်စားစရာပါ။ ဒါပေမယ့် နောက်ပိုင်း သမ္မတရုံးဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ သမ္မတ ဦးသိန်းစိန်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်၊ မပြိုင်ဘူး၊ သမ္မတအဖြစ် ဝင် အရွေးချယ်ခံမယ် မခံဘူး၊ မသေချာသေးဘူးဆိုတဲ့ သတင်း ပဲဖြစ်ပါတယ်။ ဒီ ပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ။

ဒါကို ဘယ်လို နားလည် ယူရမှာလဲ။ မြန်မာသတင်းသမားတွေ အနေနဲ့ ဘာသင်ခန်းစာ ယူသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံး ပြန်လည်မှတ်မိကြပါလိမ့်ဦးမယ်။ လွန်ခဲ့တဲ့ အချိန်က သမ္မတ ဦးသိန်းစိန်ဟာ နောက်ထပ် သမ္မတ သက်တမ်း တာဝန် ထပ်ပြီး မထမ်းဆောင်တော့ဘူးလို့ သူ့ကို ပြောတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းထောက်တွေ ကိုပြောပြခဲ့ဖူးပါတယ်။

သတင်းဌာန တွေကလည်း ဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ နောက်ပိုင်း သမ္မတရုံးဘက်ကနေ အဲဒီသတင်း မမှန်ဘူးဆိုတဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ နောက်ထပ်သက်တမ်း တာဝန် ဆက်ပြီး ထမ်းဆောင်၊ မထမ်းဆောင် မဆုံးဖြတ်ရသေးတဲ့ အကြောင်း၊ တကယ်လို့ ဆုံးဖြတ်ပြီးရင် သမ္မတကြီးကိုယ်တိုင် ပြောဆိုမယ် ဆိုတဲ့ အကြောင်း သတင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သတင်းဌာနတွေအနေနဲ့ အဲလို သတင်းမျိုး ထုတ်ပြန်ခွင့်တော့ ရှိပါတယ်။ ပြောသူဟာ သူရဦးရွှေမန်း ဖြစ်နေလို့ ပါပဲ။ ဒါပေမယ့် ပြည်သူတွေဆီ ပြန်ဖော်ပြရာမှာ သူရဦးရွှေမန်း က ခုလိုပြောတယ်၊ သမ္မတရုံးဘက်ကို ဆက်သွယ်လို့ မရသေး ဘူး။ ဒါကြောင့် မိမိတို့ သတင်းဌာန အနေနဲ့ အခုသတင်းကို အတည် မပြုနိုင်သေးဘူးဆိုတာမျိုး ဖော်ပြရပါမယ်။ အဓိက ပြဿနာဟာ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ပြီးရင် ပြည်သူ တွေအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်မသွားစေဖို့ဟာ သတင်းဌာန တွေမှာ လုံးဝ တာဝန်ရှိပါတယ်။ ဘာဆင်ခြေ မှ မပေးသင့်ပါဘူး။

အခု အခြေအနေမျိုးမှာတော့ သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘူး ဆိုတဲ့ သတင်းမျိုး ကို အသေအချာ စိစစ်ပြီးမှ ထုတ်ရမယ့် ကိစ္စပါ။ အကြောင်းကတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်စုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ အုပ်စုအကြီး အကျယ် သဘောထားကွဲနေတဲ့ အချိန်လည်း ဖြစ်နေလို့ပါပဲ။ သမ္မတ ဟာ ရွေးကောက်ခံ ဖြစ်ရမယ်ဆိုတာမျိုး ဖွဲ့စည်းပုံထဲ ပြင်ဖို့ သူရဦးရွှေမန်း အုပ်စုက လုပ်တာကို သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ထောက်ခံတဲ့ တပ်မတော်သား အမတ်တွေက လွှတ်တော် ထဲမှာ ပယ်ချခဲ့ပါတယ်။ သူရဦးရွှေမန်း အကြံအစည် ပျက်သွားခဲ့ပါတယ်။

အလားတူ တပ်မတော်သားတွေက ကန့်ကွက်တဲ့တိုင် လာမယ့် ရွေးကောက်ပွဲကာလမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်နိုင်ငံရေးပါတီ တစ်ခုခုကိုမှ ကိုယ်စားပြု ပြီး ပြိုင်လို့ မရဘူး၊ ဘယ်ပါတီကိုမှလည်း ဝင်လို့ မရ၊ ဘယ်ပါတီ အသစ်မှ လည်း ထောင်လို့ မရအောင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ဘက် က အတည်ပြုခဲ့ပါတယ်။ ဒါကို အရပ်စကားနဲ့ ပြောရရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့သား တွေကို ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်ဖို့ လုပ်တာပါ။ အခြားဘယ်ပါတီကိုမှလည်း မထောင်၊ ဘယ်ပါတီကိုမှ လည်း မဝင်နိုင်အောင် ကန့်သတ်လိုက်တဲ့ လှုပ်ရှားမှုပါ။

ဒါပေမယ့် အဲဒါကို ဦးခင်အောင်မြင့်က သဘောတူပုံ မရပါဘူး။ အဲဒီ ပြင်ဆင်ချက် ဥပဒေကြမ်း အမျိုးသား လွှတ်တော်ထဲရောက် သွားတဲ့အခါ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်အမတ်တွေက ပယ်ချလိုက်ပါ တယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးထဲက ကန်ထုတ်ဖို့ သူရဦးရွှေမန်း အုပ်စုဘက်က လုပ်ကိုင်တာ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ မသေချာတော့ပါဘူး။ ဒါ့အပြင် လွှတ်တော်ပြင်ပမှာလည်း ဂိုဏ်းဂဏ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ အရင် စစ်အစိုးရခေတ် ဝန်ကြီးနဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ သားသမီးပိုင် လုပ်ငန်းတွေကို လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီး တချို့က ကန့်သတ်ဖို့ ကြိုးစားနေကြတာပါ။ အလားတူ လက်ရှိ ဝန်ကြီးတွေ လုပ်နေတဲ့ လုပ်ငန်းတချို့ကိုလည်း လွှတ်တော်ဘက်က တားမြစ်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။

ပြောရရင် ပါတီတွင်း ဂိုဏ်းဂဏ တိုက်ပွဲတွေ ပြင်းထန်နေချိန် သတင်းတစ်ခု ထွက်လာရင် ဘယ်က ထွက်လာသလဲ၊ အရင် စိစစ်ဖို့ လိုပါတယ်။ အခုကိစ္စမှာ သမ္မတကနေ လွှတ်တော် နာယကဆီ စာရေးသား ပေးပို့တယ် ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။

အကြောင်းကတော့ ဒါဟာ ပါတီတွင်း အရေးကိစ္စ ဖြစ်လို့ပါ။ သမ္မတ ဦးသိန်းစိန် ကိစ္စ သူနဲ့ သဘောထား ကွဲလွဲနေတဲ့ တစ်ဘက် အင်အားစုကနေ ထွက်ပေါ်လာတယ်ဆိုရင် ပိုပြီးသတိထားရပါမယ်။ ကိုယ့်ကိုသတင်းလာပေးရုံမက ပါတီတွင်း ထိပ်တန်းသတင်း ကြီးကို ဖတ်ရှုလို့ရအောင် ပြသတယ် ဆိုကတည်းက ရိုးသားမှု ရှိရဲ့လားဆိုတာ သတင်းထောက်အနေနဲ့ ဆန်းစစ်ရပါမယ်။

တကယ်တော့ နိုင်ငံရေးသမားတွေဟာ သတင်းသမားတွေကို အသုံးချတာမျိုး နိုင်ငံအများ အပြားမှာ ရှိပါတယ်။ အချိန်ကာလ အတော်ကြာကြာကတည်းက ရှိနေတာပါ။ လက်ရှိ အမေရိကန် ပြည်ထောင်စုက နာမည်ကြီး အခန်းဆက် တီဗီ ဇာတ်လမ်းတွဲ မှာလည်း အဲလို အခြေအနေမျိုး ဖော်ပြထားတာ ကြည့်ရှုနိုင်ကြ ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သတင်းသမားဟာ အတော်လေး ကိုသတိထားရပါမယ်။ ပိုပြီး အရေးကြီး တာက ကိုယ် မျက်စေ့နဲ့ ဖတ်ရှုခွင့်တင်မက ပြဿနာ ပေါ်လာရင်ထုတ်ဖော်ပြသဖို့ အထောက် အထား တစ်ခုတလေ ကိုယ့်လက်ထဲ ရှိနေဖို့နဲ့ တကယ့် ကာယကံရှင်တွေက မှန်ပါတယ် မပြောသေးမချင်း သတင်းဌာန အနေနဲ့ အတည်မယူ လိုက်ဖို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ နီးလာလေ၊ နိုင်ငံရေး ဖြစ်ရပ်တွေက စိတ်ဝင်စားစရာ ကောင်းလာလေ ပါပဲ။ ဒါ့အပြင် ဖွံ့ဖြိုးစ မြန်မာသတင်းမီဒီယာ လုပ်ငန်းအတွက် စိန်ခေါ်မှုတွေ များလေလေပါပဲ။ ဒီလို အခြေ အနေကမှတစ်ဆင့် မြန်မာ့ သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags