ကြက်ဥအရောင် တိမ်တောင်သဖွယ်

ကြက်ဥအရောင် တိမ်တောင်သဖွယ်

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြုလုပ် မည့်ရက်ကိုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာ လိုက်ပြီးနောက်ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ထားကြသည့် နိုင်ငံရေးပါတီများသည် မိမိတို့၏ပါတီ အနိုင်ရရှိရေး စီစဉ်ဆောင်ရွက်မှုများသည် လည်းခြေလှမ်းများ စိပ်လာသည်ကို တွေ့ရသည်။

ဥပမာအားဖြင့်ဆိုလျှင် အင်အားကြီး အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခြားမဟာမိတ်ပါတီ များနှင့် ပူးပေါင်း ချိတ်ဆက် လုပ်ကိုင်သွားမည့် အစီအစဉ်များကို လူသိထင်ရှား စတင်လာခဲ့ပြီဖြစ်သည်။

စိတ်ဝင်စားဖို့ကောင်းသည်မှာ အင်အားသေး ပါတီငယ်များနှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများသည်  မည်သည့်ပါတီနှင့် လက်တွဲ ရမည်ကိုလည်းကောင်း၊ မည်သည့်ပါတီနှင့်ယှဉ်ပြိုင်ရန် ရှိနေသည်ကိုလည်းကောင်း၊ မည်သည့်ပါတီကို ဝန်းရံခြင်းဖြင့် မိမိတို့ ပါတီ အတွက် အကျိုး ရှိမရှိကို လည်းကောင်း စဉ်းစားချင့်ချိန်ဆောင်ရွက်ရ သည့်အချက်များ ဖြစ်ပါသည်။

ပို၍ စိတ်ဝင်စားဖို့ကောင်းသည့်အချက်မှာ တိုင်းသိပြည်သိ ပုဂ္ဂိုလ်များက မည်သည့် မဲဆန္ဒနယ် တွင် လည်းကောင်း၊ မည်သည့် ပါတီကို ကိုယ်စားပြု၍ လည်းကောင်း၊ မည်သည့်ပါတီနှင့် ချိတ်ဆက် ခြင်းဖြင့်လည်းကောင်း၊ မည်သူနှင့် အပေးအယူလုပ်၍ လည်းကောင်း မိမိအနိုင်ရရှိရေး ဆောင်ရွက်ကြ ရသည့် နိုင်ငံရေး နည်းဗျူဟာများပင် ဖြစ်ပါသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးချယ်ခံမည့် မဲဆန္ဒနယ်တွင် အခြား အင်အားကြီးပါတီ ကြီးတစ်ခုက ဝင်ရောက် အရွေးခံရန် မရှိဟူသော သတင်းနှင့် တိုင်းရင်းသားပါတီ တစ်ခု၏ ခေါင်းဆောင်များ ဝင်ရောက် အရွေးချယ်ခံမည့်နယ်မြေဖြစ်ပါက ညီညွတ်ရေးမဟာမိတ် သဘောအရ အခြားအင်အားကြီးပါတီ တစ်ခုကဝင်ရောက် အရွေးချယ်မခံဘဲလက်ရှောင်ကြမည် ဟူသော သတင်းများလည်း ကြားလာကြရပါသည်။

ပြည်သူအများ အထူးသတိထားရမည့်အချက်များကလည်း ရှိနေပြန်ပါသည်။ နုနယ်သေးသည့် ဒီမိုကရေစီ အတွေ့အကြုံ အရ ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း အစွန်းရောက် ဘာသာရေးနှင့် အစွန်းရောက်လူမျိုးရေးဝါဒ အခြေခံ သည့်နိုင်ငံရေးပါတီ များပေါ်ပေါက် လာပါကလည်းကောင်း၊ အစွန်းရောက် ဘာသာရေးဝါဒကို လက်ကိုင် ထားသူ၊ အစွန်းရောက်လူမျိုုးရေးဝါဒ လက်ကိုင်ထား သူများ ဝင်ရောက်အရွေးခံလာနိုင်ပြီး ရွေးကောက်ပွဲ အနိုင်ရ သွားနိုင်သည့် အချက်ကလည်း မိမိတို့ ပြည်သူ များအတွက် အရေးကြီးသည့်အချက် ဖြစ်နေပြန်ပါသည်။

ယင်း အစွန်းရောက်အဖွဲ့များကို နောက်ခံထားပြီး နိုင်ငံရေးကွင်းထဲ ဆင်းလာကြမည့် ပုဂ္ဂိုလ်များမှာ ယင်း ဝါဒကို အသုံးချလျက် မိမိတို့ ကိုယ်ကျိုးအတွက် ဝင်လာကြမည့် သဘောအရိပ် အယောင်များကိုလည်း မြင်လာနေ ကြရပါသည်။

ယခုအခါ အာဏာရပါတီကြီးကလည်း ရွေးကောက်ပွဲ ဝင်ရောက်အရွေးချယ်ခံမည့် ပါတီခေါင်းဆောင်များ ရွေးချယ်ရာတွင် အခက် အခဲအချို့ကို ကျော်လွှားသွားနိုင်ပြီ ဖြစ်သော်ငြားလည်း ယင်းပါတီကြီး၏ ခေါင်ဆောင်အချို့ သည် နိုင်ငံရေးတွင် ထာဝရ မိတ်ဆွေ၊ ထာဝရရန်သူ ဟူ၍မရှိဘဲ အကျိုးစီးပွားအပေါ် မူတည်သည့် ရန်သူမိတ်ဆွေ သာ ရှိသည်နှင့်အညီ အခြားနိုင်ငံရေး ပါတီတစ်ခုခု ကိုကိုယ်စားပြု၍ လည်းကောင်း၊ တစ်သီးပုဂ္ဂလအဖြစ် လည်း ကောင်း ရွေးကောက်ပွဲဝင်လာကြတော့မည့် အရိပ်လက္ခဏာ များကို လည်း တွေ့လာကြရပြီ ဖြစ်သည်။

မိမိတို့တိုင်းပြည် ရင်ဆိုင်နေရသည့် ပြဿနာမှာ ရွေးကောက်ပွဲ ပြဿနာတစ်ခုတည်းကွက်ပြီး ကြည့်လို့ မရနိုင်ပါ။ ရွေးကောက်ပွဲသည် မိမိတို့တိုင်းပြည်၏ နိုင်ငံရေးအကျပ်အတည်းများကို ဆုံးဖြတ်ပေးနိုင်သည့် တစ်ခု တည်းသော ကိစ္စမဟုတ်ပါ။

လွှတ်တော်တွင်း ပြဿနာများ၊ နိုင်ငံ့ အကြီးအကဲ ရွေးချယ်ရေး ပြဿနာများနှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် တရား မျှတမှု အားနည်းလှသည့် မတန်တဆ အာဏာချိန်ခွင်လျှာ  တိမ်းစောင်းနေမှုများသည်လည်း ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲ လူပုဂ္ဂိုလ်များက ထည့်သွင်းစဉ်းစားပြီးမှ အောင်နိုင်ရေး နည်းဗျူဟာများ ချမှတ်ကြရန် လိုအပ်နေပြန်သည်။

မှန်ပါသည်။ နိုင်ငံရေးသည် အကဲဖြတ်ရန် ခက်ခဲသော အလွန်မတန် အကဲဆတ်သည့် နယ်ပယ် ဖြစ်ပါ သည်။ နိုင်ငံရေးသည် ကြက်ဥအရောင် တိမ်တောင်သဖွယ် ဖြစ်သည်ဆိုသည်မှာ လည်း မှန်ပါသည်။ မည်သို့ပင် ဖြစ်စေ မည်သည့်ပါတီပင် ဖြစ်ပစေ၊ မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်ပစေ နိုင်ငံ့အကျိုး မိမိအကျိုး မျှတစွာ ထည့်သွင်း စဉ်းစားပြီးမှသာ နိုင်ငံရေး အခင်းအကျင်းများကို ပြုလုပ် ကြရန် သင့်ပါသည်။

မိမိတို့ ပြည်သူများသည်လည်း တိုင်းပြည်နှင့် လူမျိုး အကျိုးပြုမည့် ပါတီနှင့် လူပုဂ္ဂိုလ်များကို သာ မှန်မှန် ကန်ကန် အကဲဖြတ်နိုင်ရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags