ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံး ပြင်ဆင်သင့်ဟု ကဗျာဆရာ မောင်ဆောင်းခပြော

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံး ပြင်ဆင်သင့်ဟု ကဗျာဆရာ မောင်ဆောင်းခပြော

ရန်ကုန်၊ အောက်တိုဘာလ ၁၄ ။            ။ လက်ရှိ ပြဋ္ဌာန်းထားသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တွင် အားနည်းချက်များရှိနေသည့်အတွက် အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း ၆၆ (ဃ) ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေးကော်မတီတွင် ဦးဆောင်ပါဝင်သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၃ရက်၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့မှ ပြည်လမ်း တစ်လျှောက် ၆၆(ဃ) ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး လှုပ်ရှားမှုကို ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်ကာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ စတစ်ကာများ ကပ်ပေးခြင်းဖြင့် ပြုလုပ်ခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီဥပဒေမှာ အားနည်းချက်တွေရှိနေတယ်။ တစ်အချက်က အာမခံပေးလို့ရခြင်း မရခြင်း မရေးထားဘူး။ နံပါတ် နှစ် အချက်က ကျတော့ ကိုယ်နာမည်နဲ့ ဖေ့စ်ဘုတ်သုံးတယ်။ တစ်ခြားသူက ကိုယ်ကို ချောက်ချချင်တယ်ဆို ရင် ကိုယ်ရဲ့ နာမည်အတိုင်းပေါ့ ဖေ့စ်ဘုတ် အကောင့် ဖွင့်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ လူတွေရဲ့ အပေါ်မှာ အသရေဖျက်တဲ့ စာသားတွေ၊ ဓာတ်ပုံတွေ တင်လိုက်တာနဲ့ ကိုယ်က ဖမ်းဆီးခံ ရမှာပဲ ဖြစ်တယ် "ဟု ၎င်းက ဆို သည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ ၄၊ ၅ နှစ်ခန့်ရှိပြီး ပြန်လည် ပြင်ဆင်ပေးရန်အတွက် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် တာဝန်ရှိကြောင်း၊ ထိုဥပဒေ ပြဋ္ဌာန်းစဉ်ကလည်း နည်းဥပဒေရေးဆွဲခဲ့ခြင်း မရှိခဲ့သည့်အတွက် နည်းဥပဒေ ရေးဆွဲပေးရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

" ပုဒ်မက ဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ ပြည်သူ၊ ပြည်သူ အချင်းချင်း သွေးခွဲနေတဲ့ ပုဒ်မတစ်ခုလို့ ကျွန်တော်မြင် တယ်။ တကယ်လို ဒီ ၆၆(ဃ) ပုဒ်မအတိုင်း ဆက်သွားမယ်ဆိုရင် ကျွန်တော်အနေနဲ့ နည်းဥပဒေ အမြန်ဆုံးတင်သွင်း ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ သုံးစွဲနေတဲ့ လူဦးရေက သန်းနဲ့ ချီပြီး ရှိတယ်လေ။ ဒါကြောင့် ဒီ ၆၆(ဃ) ပုဒ်မနဲ့ အရေးယူမှုက မတရားများလာမယ်။ အရေးပေါ်အနေနဲ့ကတော့ ကျွန်တော်အနေနဲ့ နည်းဥပဒေတစ်ခု တင်သွင်း သင့်တယ်လို့ အကြံပြုပါတယ်။ " ဟု လက်ရှိတွင် ၆၆(ဃ) ဆက်သွယ်ရေး ဥ့ဒေပုဒ်မဖြင့် တရားရင်ဆိုင်နေရသော ကိုရာပြည့်(ခ) ကိုမျိုးသူဝင်းကပြောသည်။

အဆိုပါ ဥပဒေကိုပြင်ဆင်ပေးရန်အတွက် လက်ရှိထောင်ထဲတွင် ၆၆(ဃ) ဆက်သွယ်ရေး ဥပဒေပုဒ်မ ဖြင့် တရားစွဲခံရကာ ထောင်ကျသူများ စာရင်းကို ပြုစုပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့သွားရန် ရှိပြီး  ဥပဒေကြမ်း ကော်မတီမှ တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံခွင့်တောင်း ညှိနှိုင်းဆောင်ရွက်မှု များ လုပ်ဆောင်သွားမည်ဟုလည်း ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly