မူးယစ်ဆေး နှိမ်နှင်းမှုတွင် လူပေါင်း ၃၅၀၀ ကျော် သေဆုံးသော်လည်း ဖိလစ်ပိုင်သမ္မတကို လူထုထောက်ခံမှုမကျ

မူးယစ်ဆေး နှိမ်နှင်းမှုတွင် လူပေါင်း ၃၅၀၀ ကျော် သေဆုံးသော်လည်း ဖိလစ်ပိုင်သမ္မတကို လူထုထောက်ခံမှုမကျ

နိုင်ငံတွင် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးတစ်ရပ်ကို ဦးဆောင်လုပ်ဆောင်နေသော ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးအပေါ် ပြည်သူလူထု၏ ထောက်ခံ အားပေးမှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတ ဒူတာတေး ဇွန်လ ၃၀ ရက်က စတင်တာဝန်ယူချိန်ကတည်းက စတင်ခဲ့သည့် အဆိုပါ မူးယစ်စစ်ဆင်ရေးကာလအတွင်း သံသယရှိ မူးယစ်တရားခံ ၃,၅၀၀ ကျော် သေဆုံးထားခဲ့ပြီးဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်မှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများဖြင့် ရင်ဆိုင်ထားခဲ့ရသည်။ သို့ရာတွင် ယခုလက်ရှိအချိန်တွင်မူ သမ္မတအပေါ် လူထုထောက်ခံမှုနှုန်း ဆက်လက်မြင့်တက်နေဆဲပင်ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်နှင့် ၂၇ ရက်အတွင်း လုပ်ဆောင်ခဲ့သော စစ်တမ်းတစ်ရပ်အရ ဖိလစ်ပိုင်ပြည်သူပေါင်း ၁,၂၀၀ ခန့်ကို မေးမြန်းခဲ့ရာတွင် ၇၆ ရာခိုင်နှုန်းက သမ္မတ ဒူတာတေး၏ စွမ်းဆောင်ချက်များအပေါ် ကျေနပ်အားရခဲ့ကြောင်း ဖြေဆိုသွားကြသည်။

တာဝန်ယူချိန် ပထမခြောက်လအတွင်း နိုင်ငံ၌ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာများကို ပပျောက်အောင် ရှင်းလင်းသွားမည်ဟု ကတိပြုကာ ရွေးကောက်ပွဲတွင် အနိုင်ရလာခဲ့သည့် သမ္မတ ဒူတာတေးက ၎င်းအနေဖြင့် ပေးထားသည့် ကတိကဝတ်များကို ကျေရန်အတွက် အချိန် ထပ်ယူရဦးဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။

လက်ရှိအချိန်တွင်မူ လူ့အသက်ပေါင်းများစွာ သေဆုံးထားစေသော ၎င်း၏ မူးယစ်စစ်ဆင်ရေးကြောင့် သမ္မတ ဒူတာတေးမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝိုင်းဝန်းပြစ်တင်မှုများနှင့် ရင်ဆိုင်နေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required