ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော်ဆေး ကုသမှု ခံနေရပြီးသေဆုံး သူလေးဦးရှိ

ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော်ဆေး ကုသမှု ခံနေရပြီးသေဆုံး သူလေးဦးရှိ

ရန်ကုန်၊ဇူလိုင် ၁၅ ။     ။ ရခိုင်ပြည်နယ် တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်း အတာဖြင့် လူနာခြောက်ရာကျော်အထိ ဆေးကုသမှုခံယူနေရသည် ဟု ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဒေါက်တာစံကျော်သာပြောသည်။

 ရခိုင်ပြည်နယ် သံတွဲခရိုင်နှင့် ကျောက်ဖြူ ခရိုင်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများ ဆုံးဖြစ် ပြီး  တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လူဦးရေ ခြောက်ရာ့ငါးဦး ထိ  ဆေးကုသမှု ခံနေရသည် ဟုဆိုသည်။

ဒေါက်တာ စံကျော်သာ က  "သေဆုံးသူလေးယောက်ရှိပြီ ၊လူကြီးတွေလည်း ဖြစ်တာတွေ့ရတယ်"ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာများကို အချိန်မှီ ဆေးကုသမှု မရရှိ သည်များလည်း ဖြစ်ပေါ်လျှက်ရှိသည် ဟုဒေသံများကပြောသည်။

သံတွဲဒေသခံ ကိုစိုးမြတ် က "ကျွန်တော်တို့နယ်က မိသားစုတစ်စုဗျ ပထမကလေး တစ်ယောက်တုန်းက ဆေးမကုလိုက်ရဘူး။ ဒုတိယ အလေး ကို ကျတော့ သံတွဲဆေးရုံက ရန်ကုန်ကို လွှတ်တယ် ။ ဟိုရောက်တော့ ကလေးက အသက်မမှီတော့ဘူး၊ ၁၅ ရက်အတွင်း သားနှစ်ယောက်လုံး အသက်ဆုံးရှုံးသွားတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်ရေဘေးကြောင့် မြို့နယ်အများစု ရေနစ်မြုပ်သွားခဲ့ပြီး  ယင်းအခြေအနေများကြောင့်   ခြင်၊ ယင်ပေါက်ပွားမှု အန္တာရယ် များလည်း ဖြစ်ပွားနိုင်ပြီး လုံလောက်သော ခြင်ထောင်နှင့်စောင်များ ရေဘေးသင့်သူများ ထံရောက်ရှိရန် လိုအပ် လျှက်ရှိသည်။

 ထို့ပြင်ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုများကြောင့်ရေတွင်းရေကန်များ ပျက်စီးခြင်းသောက်သုံးရေများ ရှားပါးခြင်းများ လည်းဖြစ်ပေါ် လျှက်ရှိပြီး နောက်ဆက်တွဲရောဂါများအတွက် စိုးရိမ်စရာများဖြစ်ပေါ်နေသည် ဟုတောင်ကုတ်ရေးဘေး ကူညီရေးအဖွဲ့မှ ကိုမျိုးဆွေ ကပြောသည်။

၎င်းက "ချောင်းတွေ နဲ့နီးတဲ့ ကျေးရွာတွေက သောက်ရေကန်တွေ နုန်းတွေ တင်နေတဲ့အတွက် ရွာက လူအင်အားနဲ့လည်း မတတ်နိုင်တော့ ဒီအတိုင်းထားရတုန်းဗျ၊ လောလောဆယ် မိုးရေသောက်နေလ ရတာမျိုးတွေရှိတယ်"ဟု ဆိုသည်။

 ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင့်ငါးရာကျော်ခဲ့ပြီး သေဆုံးသူ ဆယ်ဦးအထိ ရှိခဲ့သည် ဟု ပြည်နယ် ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required