အမေရိကန် တေးဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းတွင် ဆု ၁၃ ဆုဖြင့် စံချိန်သစ်တင်ခဲ့တဲ့ ဒရေ့ခ်

အမေရိကန် တေးဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းတွင် ဆု ၁၃ ဆုဖြင့် စံချိန်သစ်တင်ခဲ့တဲ့ ဒရေ့ခ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၂ ။                ။ ကနေဒါအဆိုတော် ဒရေ့ခ်သည် ယခုနှစ် အမေရိကန် တေးဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းတွင် ဆု ၁၃ ဆုအတွက် လျာထားခံခဲ့ရပြီး စံချိန်သစ်တင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒရေ့ခ်သည် ၁၉၈၄ ခုနှစ်က အောင်မြင်မှုရရှိထားသော “Thriller” တေးအယ်လ်ဘမ်ဖြင့် ဆု ၁၁ ဆုလျာထားခြင်း ခံရသော မိုက်ကယ်ဂျက်ဆင်၏ စံချိန်ကို ချိုးဖျက်ခဲ့သည်။

 ယခုနှစ် အစောပိုင်းက ထွက်ရှိခဲ့သော ဒရေ့ခ်၏ ပဉ္စမမြောက်တေးအယ်လ်ဘမ် “Views”သည်  တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆု ၊ လူကြိုက်အများဆုံး အမျိုးသား အဆိုတော်ဆု ၊ လူကြိုက်အများဆုံး တေးအယ်လ်ဘမ်ဆု ၊ လူကြိုက်အများဆုံး ရက်ပ်အဆိုတော်ဆု ၊ လူကြိုက်အများဆုံး ရက်ပ်တေးသီချင်း ၊ လူကြိုက်အများဆုံး  R&B တေးသီချင်းဆု ကဲ့သို့သော ဆုများအတွက် လျာထားခြင်းခံရသည်။

အမေရိကန် တေးဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းတွင် ရီဟာနားက ဆု ၇ ဆုအတွက် လျာထားခြင်းခံရပြီး အဒဲလ် နှင့် ဂျက်စတင်ဘီဘာတို့သည် ဆု ငါး ဆုစီဖြင့် လျားထားခြင်းခံထားရသည်။ ဘီယွန်း နှင့်  The Chainsmokers တို့သည် ဆု လေးဆုစီ လျာထားခံထားရပြီး ဘရိုင်ဆန်တေလ်လာ ၊  Twenty One Pilots အဖွဲ့ ၊ ကာရီအန်ဒါးဝုဒ် ၊ ဖက်တီဝပ်  နှင့် အဆိုတော်  The Weeknd တို့သည် ဆု သုံးဆု လျာထားခံထားရသည်။

၂၀၁၆ ခုနှစ် အမေရိကန် တေးဂီတဆုပေးပွဲကို လော့စ်အိန်ဂျလိစ်မြို့ မိုက်ခရိုဆော့ဖ် ပြဇာတ်ရုံ၌ နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ABC ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required