မာလာဝီနိုင်ငံခရီးစဉ်အတွင်း အရွယ်မရောက်သေးသူများ အိမ်ထောင်ပြုခြင်းကို ရှုတ်ချခဲ့တဲ့ မင်းသမီး အမ်မာဝပ်ဆင်

မာလာဝီနိုင်ငံခရီးစဉ်အတွင်း အရွယ်မရောက်သေးသူများ အိမ်ထောင်ပြုခြင်းကို ရှုတ်ချခဲ့တဲ့ မင်းသမီး အမ်မာဝပ်ဆင်

နယူးယော့ခ် ၊ အောက်တိုဘာ ၁၁ ။           ။ ဗြိတိန်မင်းသမီး အမ်မာဝပ်ဆင်သည် အောက်တိုဘာ ၁၀ရက်က မာလာဝီနိုင်ငံ ခရီးစဉ်အတွင်း အရွယ်မရောက်သေးသူများ အိမ်ထောင်ပြုခြင်းကို  ပြစ်တင်ရှုတ်ချခဲ့ပြီး မိန်းကလေးငယ်များ ပညာသင်ယူခွင့်အပေါ် တားမြစ်ခြင်းကို အဆုံးသတ်ပေးရန် အာဖရိကတိုက်တစ်ဝန်းရှိ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ အမျိုးသမီး အထူးသံတမန်တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ အမ်မာဝပ်ဆင်သည် အပြည်ပြည်ဆိုင်ရာ မိန်းကလေးငယ်များနေ့မတိုင်မီ တစ်ရက်အလို  မာလာဝီနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

မာလာဝီအစိုးရသည် ၂၀၁၅ ခုနှစ်က ဒေသတွင်းအလေ့အထများကို ပြောင်းလဲရန် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော ခေါင်းဆောင်များ ၊ ကုလသမဂ္ဂအမျိူးသမီးများ အဖွဲ့နှင့်ပူးပေါင်းကာ လက်ထပ်ရမည့် အနိမ့်ဆုံးအသက်ကို ၁၈နှစ်အဖြစ် တိုးမြှင့်သည့် ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့သည်။

“တွေ့ဆုံခဲ့ဖူးတဲ့ မိန်းကလေးငယ်များဟာ ဆင်းရဲမွဲတွေမှုကို ရုန်းကန်ကြိုးစားနေရတယ်။ အသက်ငယ်ရွယ်စဉ်မှာ လက်ထက်ဖို့အတွက် ဖိအားပေးခံနေရတာကို တွေ့ခဲ့တယ်။ ဒါဟာ အမျိုးသမီးတွေ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို  ရရှိဖို့အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်မကို သဘောပေါက်စေခဲ့တယ်”ဟု အမ်မာဝပ်ဆင်က အစီရင်ခံစာတွင် ပြောကြားထားသည်။

တရုတ်နိုင်ငံမှအပ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိန်းကလေးသုံးပုံတစ်ပုံသည် အသက် ၁၈နှစ်မပြည့်ခင် လက်ထပ်စေခိုင်းခြင်းခံနေရပြီ ယင်းက၎င်းတို့၏ ကလေးဘ၀ နှင့်  ကျောင်းသို့သွားရောက်ရမည့် အခွင့်အရေးတို့ ဆုံးရှုံးနေသည်ကို တွေ့ရကြောင်း ကုလသမဂ္ဂ အချက်အလက်များက ဖော်ပြနေသည်။

လက်ရှိအချိန်တွင် မာလာဝီနိုင်ငံတွင် အရွယ်မရောက်သေးသူများ အိမ်ထောင်ပြုခြင်းများ တရားမဝင် ရှိနေပြီး ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် မိန်းကလေးငယ် ၁၅သန်းသည် လက်ထပ်စေခိုင်းခြင်းခံနေရကြောင်း ဗြိတိန်အခြေစိုက် Girls Not Brides ကမ်းပိန်အဖွဲ့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly