ရခိုင်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စအား ရှင်းလင်းပြောကြားရန် ပြန်ကြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့ ရခိုင်သွားမည်

ရခိုင်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စအား ရှင်းလင်းပြောကြားရန် ပြန်ကြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့ ရခိုင်သွားမည်

ရခိုင်ပြည်နယ်နှင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် ရှင်းလင်းပြောကြားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သွားရောက်ရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးခင်မောင်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ဒေါက်တာချမ်းသာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ လိုက်ပါကြမည်ဟု သိရသည်။

အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၉ရက်၊ နံနက် ၁နာရီအချိန်ကစပြီး ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ စခန်းများဖြစ်သော နခဖ(၁)၊ ဌာနချုပ် (ကျီးကန်းပြင်)နှင့် နခခ(၁)၊ ဒေသ(၂)၊ နယ်မြေ(၅) ငါးခူးရစခန်းနှင့် ရတဖ(၁)၊ ဒေသ(၃) နယ်မြေ(၉) ကိုးတန်ကောက်ကင်းစခန်းအား အမည်မသိသူများက ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly