ထိုင်းဘုရင်မင်းမြတ်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရ၍ အနီးကပ် စောင့်ကြည့်နေရဟု ဘုရင့်နန်းတော် ထုတ်ပြန်

ထိုင်းဘုရင်မင်းမြတ်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရ၍ အနီးကပ် စောင့်ကြည့်နေရဟု ဘုရင့်နန်းတော် ထုတ်ပြန်

အောက်တိုဘာ ၁၀ ။                  ။ ကမ္ဘာ့နန်းသက် အရှည်ဆုံးဖြစ်သော ထိုင်းဘုရင် အသက် ၈၈ နှစ်အရွယ် ဘူမိဘော အဒူယာဒက်၏ ကျန်းမာရေး အခြေအနေမှာ ပုံမှန်မဟုတ်သည့် အနေအထားတွင် ရှိနေခြင်းကြောင့် အနီးကပ် စောင့်ကြည့်နေရလျက်ရှိကြောင်း ဘုရင့်နန်းတော်က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုင်းဘုရင် ဘူမိဘောမှာ  ကျောက်ကပ်ဆေးသည့် ကုသမှုတစ်ခု ခံယူပြီးနောက် ယခုအခါ ကျန်းမာရေးအခြေအနေ ပုံမှန်အနေအထားသို့ ရောက်မနေကြောင်း သိရသည်။

ဘုရင့်အပေါ် အထူးရိုသေအလေးထားသည့် အဆိုပါနိုင်ငံတွင် ဘုရင်ဘူမိဘော၏ ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်နေသည်ဆိုသော သတင်းများနှင့် ဘုရင့်ကျန်းမာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ချက်များ အပေါ် သုံးသပ်ဝေဖန်ပြောကြားမှုများကိုလည်း ထိန်းသိမ်းတင်းကျပ်ထားလျက်ရှိသည်။

အလားတူ တော်ဝင်မိသားစုအပေါ် ကာကွယ်ပေးထားသည့် တင်းကျပ်သော ဥပဒေများကြောင့်လည်း ဘုရင့်ကျန်းမာရေးနှင့် ပတ်သက်၍ ပြည်သူများအကြား ဆွေးနွေးနှီးနှောမှုများကို တင်းကျပ်ထား သကဲ့သို့ ဖြစ်နေလျက်ရှိသည်။

ယခုကဲ့သို့ ထိုင်းဘုရင်၏ ကျန်းမာရေး ပုံမှန်မဟုတ်သည့် အခြေအနေတွင် ရှိနေသည်ဟု ဘုရင့်နန်းတော်၏ ထုတ်ပြန်ခဲ့ခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုတော့မဟုတ်ပေ။ ဘုရင့်ကျန်းမာရေးနှင့် ပတ်သက်၍ ယခင်ထုတ်ပြန်ချက်များမှာ ကျန်းမာရေး တိုးတက်ကောင်းမွန် လာနေပြီဖြစ်သည်ဆိုသော သတင်းများ သိ့ုမဟုတ် ဝေဒနာများမှ ပြန်လည်သက်သာ လာနေပြီဆိုသော သတင်းများကိုသာ ဘုရင့်နန်းတော်က ပုံမှန်ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required