ယူ-၁၆ အသင်းနည်းပြ အဖြစ်ဆောင်ရွက်ရန် အဲရစ်ဝီလျံကို တရားဝင်ကမ်းလှမ်းထား

ယူ-၁၆ အသင်းနည်းပြ အဖြစ်ဆောင်ရွက်ရန် အဲရစ်ဝီလျံကို တရားဝင်ကမ်းလှမ်းထား
မြန်မာယူ-၁၆နည်းပြ ဖြစ်လာဖွယ်ရှိသည့် အဲရစ်ဝီလျံ။

ဇူလိုင် ၁၅၊ ရန်ကုန်။ ။ ၂၀၁၆ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအတွက် နည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက်တက်နည်းပြဟောင်း အဲရစ်ဝီလျံကို တာဝန်ပေးခန့်အပ်ရန် ဘောလုံးအဖွဲ့ချုပ်မှ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်အောင်က မဇ္ဈိမသို့ ပြောသည်။

သြစတြေးလျလူမျိုး အဲရစ်ဝီလျံသည် ၂၀၀၉ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်သည့်  ရန်ကုန်ယူနိုက်တက်အသင်း အကယ်ဒမီတည်ထောင်ရာ၌ အဓိကကျသောနေရာတွင် ပါဝင်ခဲ့ပြီး နေလင်းထွန်း၊ စည်သူအောင်၊ ဇွန်မိုးအောင်၊ ကောင်းဆက်နိုင်၊ ဇော်ဝင်း အစရှိသည့် လက်ရွေးစင်ကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့သည်။

“ ယူ-၁၆ အသင်းအတွက် အဲရစ်ဝီလျံကို အဖွဲ့ချုပ်အနေနဲ့ တရားဝင် ကမ်းလှမ်းထားပါတယ်။ သူနဲ့ ညှိနှိုင်းမှုလေးတွေ နည်းနည်းရှိနေသေးလို့ မရောက်လာသေးတာပါ။ သူ့ကို မြန်မြန်ဆုံးဖြတ်ချက် ချပေးဖို့ အကြောင်းကြားထားပါတယ်။ ပြိုင်ပွဲကလည်း နီးနေပြီမို့ပါ။ စာချုပ်သက်တမ်းကတော့ တစ်နှစ်လောက်ချုပ်ဖို့ မှန်းထားပါတယ်။ သူ့ဘက်က အကြောင်းပြန်စာ ခုထိ မရောက်သေးပါဘူး။ အဆင်ပြေဖို့တော့ များပါတယ် ” ဟု ဦးတင်အောင် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် လက်ရှိတွင် မန္တလေးအကယ်ဒမီမှ ကစားသမားများဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးသန်းလွင်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ သြစတြေးလျ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အိမ်ရှင် ကမ္ဘောဒီးယား အသင်းများနှင့်အတူ အုပ်စု (ခ) တွင် တစ်အုပ်စုတည်းကျရောက်လျက်ရှိကာ ဇူလိုင်လ ၂၇ မှ သြဂုတ်လ ၉ ရက်ထိ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ၂၀၁၆ အာရှ ယူ-၁၆ ခြေစစ်ပွဲတွင်မူ အိမ်ရှင်သြစတြေးလျ၊ ဗီယက်နမ်၊ ဂူအမ်အသင်းတို့နှင့် အုပ်စု (ဆ) တွင် ကျရောက်လျက်ရှိကာ စက်တင်ဘာ ၂၆ ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required