မဟာသန္တိသုခကျောင်းတိုက်ကိစ္စကို အထူးစုံးစမ်း စစ်ဆေးရေးကော်မတီဖွဲ့စည်း၍ ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းသွားမည်ဟု လန်ဒန်ဆရာတော်မိန့်

မဟာသန္တိသုခကျောင်းတိုက်ကိစ္စကို အထူးစုံးစမ်း စစ်ဆေးရေးကော်မတီဖွဲ့စည်း၍ ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းသွားမည်ဟု လန်ဒန်ဆရာတော်မိန့်

ရန်ကုန်၊ အောက်တိုဘာလ ၉ ။              ။ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုပြဿနာနှင့် ပတ်သက်၍ မလိုလားသူများ၏ အသုံးချမှု မခံရအောင် နိုင်ငံတော်အစိုးရကို အထူးစုံးစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်း၍ ဖြေရှင်းပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယနေ့ အောက်တိုဘာလ ၉ရက်၊ မွန်းလွဲ ၂နာရီမှ ညနေ ၅နာရီထိ၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊ မဟာသန္တိသုခကျောင်းတိုက်အနီးရှိ သာသနာ့ဇေယျ မင်္ဂလာစာသင်တိုက ်(သုံးထပ်ကျောင်း) တွင် ပြုလုပ်ခဲ့သည့် မဟာသန္တိသုခကျောင်းတော်ကြီးအရေးနှင့် လန်ဒန်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော် ၅ ပါး ဖမ်းဆီးစွဲဆို ခံရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

"ဒီကိစ္စမှာ အစိုးရက ခေါင်းရှောင်နေလို့ မရတော့ဘူး။ အထူးကေ်ာမရှင် အဖွဲ့ ဖွဲ့ပြီးတော့ နိုင်ငံတော် သံဃာမဟာနာယက က သူပိုင်တယ်။ ပီနန်ဆရာတော်ကြီးကလည်း သူပိုင်တယ်ဆိုပြီးတော့ အဲ့ဒီလိုပိုင်တဲ့ အထဲမှာ အခုအထောက်အထားတွေက ပီနန်ဆရာတော်ကြီးက ဝိနည်းသိက္ခာပုဒ်အရကော ဥပဒေအရကော သူပိုင်တယ်လို့ ပြောနေပြီ။ နိုင်ငံတော် သံဃာမဟာနာယက ကလည်း ခင်ဗျာတို့ မနေ့က ရှင်းလင်းပွဲမှာ နိုင်ငံတော် သံဃာမဟာနာယက ကိုယ်စား သာသနာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကကျတော့ သူတို့ မဟနက ပိုင်တယ်ဆိုပြီးတော့ သူတို့ ရေစက်ချတယ်ဆိုပြီးတော့ အတင်းအကျပ်ပြောနေပြီးဆိုရင် မြန်မာနိုင်ငံ အထူးစုံးစမ်းစစ်ဆေးရေး ကော်မတီတစ်ခု လိုအပ်နေပြီလို့ပဲ ဘုန်းကြီးတို့ ဒီလိုမြင်တယ်။ ဒီလိုလုပ်ပေးမှ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အဖြစ် အပျက်တွေက ငြိမ်းချမ်းမှာ။ မဟုတ်ရင် ဘာသာရေး စစ်ပွဲကြောင့် မြန်မာနိုင်ငံဟာ နောက်ထပ်ကျွန်ထပ်ဖြစ်သွားမယ်လို့ ဘုန်းကြီးတို့ ဒါပဲပြောချင်ပါတယ်။ "ဟု ဆရာတော်က မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမဏ္ဍိုုင်မှ ပုဂ္ဂိုလ်များနှင့် အကြိမ်ပေါင်းများစွာ ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးနှင့်လည်း ဆွေးနွေးခဲ့ကြောင်း၊ သို့သော် မနေ့က အောက်တိုဘာလ ၈ရက်နေ့က နေပြည်တော်ရှိ သာသနာ့ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် မဟာသန္တိသုခကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ပြောကြားခဲ့သည့် စကားများကြောင့် မီဒီယာများကို အမှန်တရားချပြရခြင်းဖြစ်ကြောင်း ပီနန်ဆရာတော်ကြီး၏ အကျိုးဆောင် ဒါယိကာ ဒေါက်တာသန်းအေးက ပြောသည်။

"မနေ့က ၈ရက်နေ့ သာသနာ့ရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ ပြောလိုက်တဲ့ အပေါ်မှာ အများသူငါ ဒီနိုင်ငံခြားကော ပြည်တွင်းကော လှူထားတဲ့ ဒကာ၊ ဒကာမတွေကော၊ တရားဥပဒေစိုးမိုးမှုကို လိုလားတဲ့ ဆရာတော်ကြီးရဲ့ အကျိုးဆောင် ဒါယိကာတွေ အနေနဲ့ကော နိုင်ငံတော်ရဲ့ပုံရိပ်ကို ထိန်းချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ မီဒီယာတွေကို အမှန်တရားကို တင်ပြရခြင်းဖြစ်ပါတယ်။" ဟု
၎င်းကဆိုသည်။

မဟာသန္တိသုခကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ အမှားအမှန်၊ ဥပဒေနှင့် ညီညွှတ်မှုရှိ၊မရှိကို သေချာစိစစ် စစ်ဆေးနိုင်ရန်အတွက် အထူးစုံးစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းသင့်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ သံဃာဝိနည်းရေးရာကျွမ်းကျင်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကာ စစ်ဆေးမည်ဆိုပါက ပိုင်ဆိုင်မှု အစစ်အမှန်ကိုဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ၊ ထိုသို့ ဖော်ထုတ်နိုင်ပါက လန်ဒန်ဆရာတော်ကို အမှူးပြုပြီး ဆရာတော် ၅ ပါးကို တရားစွဲဆိုခံထားမှုမှာလည်း ပျက်ပြယ်သွားမည်ဖြစ်ကြောင်း လန်ဒန် ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly