ငလျင်ဒဏ် ကာကွယ်နိုင်ရေး ပြည်သူများကို အသိပေး၍ လိုက်ပါဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေ

ငလျင်ဒဏ် ကာကွယ်နိုင်ရေး ပြည်သူများကို အသိပေး၍ လိုက်ပါဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေ

ရန်ကုန်၊ အောက်တိုဘာလ ၈ ။                    ။ ငလျင်ဒဏ်ကြောင့် ထိခိုက်မှု လျော့နည်းအောင် ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အစိုးအနေဖြင့် ပြည်သူ များကို အသိပညာပေးခြင်း၊ သတိပြုမိအောင် ဆောင်ရွက်ခြင်းနှင့် ပြည်သူများကိုယ်တိုင် လိုက်ပါဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦး ဆောင်မှုဖြင့် မြေငလျင်ဆိုင်ရာဖိုရမ်ကို အောက်တိုဘာလ ၈ရက်၊ နံနက် ၉ နာရီမှ ညနေ ၄နာရီခွဲထိ၊ ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ် သည်။

"ပြည်သူကို အသိပေးတဲ့ နေရာမှာ အခု ကျွန်တော်တို့က ငလျင်ဖိုရမ် ကျင်းပတယ်။ ပြည်သူကို အသိပေး တယ်။ ဒီအသိက ဘာလဲဆိုတော့ ငလျင်အကြောင်းကို ထဲထဲဝင်ဝင် သိအောင်၊ တကယ် အစဉ် အဆက်က ကျော်ကြားပြီးတော့ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံများတဲ့ ပညာရှင်တွေကို ဖိတ်ပြီးတော့ ဒီငလျင်နဲ့ ပတ်သက် တဲ့ အသိတွေ ပြည်သူတွေ သိအောင် ဖိုရမ်တွေကို ပြည်သူပါဝင်တဲ့ ဖိုရမ်အဖြစ် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကတစ်ဆင့် အသိတွေ ပြန့်ပွား ဖို့လိုပါတယ်။ နောက်တစ်ခါ ပြည်သူတွေက အသိရှိရုံနဲ့ မပြီးဘူး၊ သတိမူဖို့လိုပါတယ်။ သတိလက်လွတ်ရင် ကျွန်တော်တို့ ခံရတာရှိပါတယ်။ အသိရှိသော်လည်း သတိရှိဖို့ လိုတဲ့အတွက် ကြောင့် ကျွန်တော်တို့ စဉ်ဆက်မပြတ် ပညာပေးတဲ့ ကိစ္စ တွေကို ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ် " ဟု   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုပါ ဖိုရမ်တွင် ပြောကြားခဲ့ သည်။

လက်ရှိတွင် ငလျင်ဘေးကာကွယ်နိုင်ရန်အတွက် အစိုးရသစ် စတင်ချိန်မှ စ၍ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရုတ်တရက် သဘာဝဘေး အန္တရာယ်များ   ဖြစ်ပေါ်လာလျှင် ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်သော ကော်မတီကိုလည်း အထူးဖွဲ့စည်းထားကြောင်း၊ ထိုကော်မတီ တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ်   ဆောင်ရွက်၍   ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး မီးသတ်ဦးစီးဌာနညွှန်ချုပ်က အတွင်းရေးမှူးအဖြစ် ပါဝင်ကြောင်း သိရသည်။

အရေးပေါ် ကာလစီမံခန့် ခွဲရေး ကော်မတီကိုလည်း အရေးပေါ် ဘေးအန္တရာယ် ဖြစ်လာလျှင် ထိခိုက်မှု ရှိလာခဲ့သည့်အခါတွင် ရုတ်တရက် ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းထားကြောင်း   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly