ဦးဂျိုးဇက်နှင့် Aim Star ကုမ္ပဏီက သတင်းမီဒီယာများကို တရားဝင် ပြန်လည် တောင်းပန်မည်

ဦးဂျိုးဇက်နှင့် Aim Star ကုမ္ပဏီက သတင်းမီဒီယာများကို တရားဝင် ပြန်လည် တောင်းပန်မည်

ရန်ကုန်၊ အောက်တိုဘာလ ၇ ။              ။  မြန်မာနိုင်ငံရှိ သတင်းမီဒီယာ အားလုံးကို ပုတ်ခတ်စော်ကားသည့် စကားများကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် စီးပွားရေး အသိအမြင် ပေးပွဲတွင် ပြောကြားခဲ့သည့်အတွက် ဦးဂျိုးဇက်နှင့် Aim Star ကုမ္ပဏီက သတင်းမီဒီယာများကို တရားဝင် ပြန်လည် တောင်းပန်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၇ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်ရှိ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ရုံးခန်းတွင်  Aim Star ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ   ကောင်စီအဖွဲ့ဝင်များ တွေ့ဆုံ ဆွေး နွေးအပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။် အောက်တိုဘာလ ၈ရက် ညနေ ၃နာရီ အချိန်တွင်  ရန်ကုန်မြို့၊ ကန်တော်ကြီးရှိ Western Park တွင် တရားဝင် တောင်းပန်ပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"သူတို့ဘက်ကတော့ ဦးဂျိုးဇက်ကိုယ်တိုင် လာပြီးတော့ တောင်းပန်မှာ ပေါ့နော်။ ညှိနှိုင်းမှုကတော့ ပြေလည် တယ်။ မနက်ဖြန်တောင်းပန်တဲ့ ကိစ္စလည်းလုပ်မယ်။ အသေးစိတ် ဘယ်လို အဓိက အချက်တွေပါရမလဲဆိုတာ တော့ အဲ့ဒီ တိုင်ကြားတဲ့ လူနဲ့ ဒီလာပြီးတော့ ဖြေရှင်းတဲ့ ကုမ္ပဏီဘက်ကရော၊ ဦးဂျိုးဇက် ဘက်ကရော သူတို့ သဘောတူညီမှုရတဲ့ အနေအထားပေါ့နော်။ "ဟု ဦးမြင့်ကျော်က   ပြောသည်။

 " နိုင်ငံခြားမှာ သတင်းရေးတဲ့သူကသိလား။ တတ်လိုရေးတာ။ မြန်မာပြည်မှာများသောအားဖြင့် ရေးတဲ့သူက ငတ်လို့ ရေး တာ။ မယုံရင် သတင်းရေးတဲ့သူသွားကြည့်လိုက်။ တဲပုတ်မှာနေတဲ့ ကောင်တို့၊ ဆိုင်ကယ်လေးစီးပြီး သွားတဲ့ ကောင် တို့၊ ဟိုတောတိုး၊ ဒီတောတိုးတဲ့ အကောင်တွေ ရေးတာ။ ကမ္ဘာမှာ ယုံကြည်စရာ သတင်းစာတွေနဲ့ သတင်းထောက်တွေ အများကြီးရှိတယ်ပေါ့။ အဲ့ဒီထဲမှာ   မြန်မာပြည်တော့ မပါဘူး။ သတင်းတွေ သေချာမသိတဲ့ သူတို့ ရေးချင်တာ လျှောက်ရေးနေတာ " ဟု စက်တင်ဘာလ ၂ဝ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်သည့် ပွဲတစ်ခု၌ ဦးဂျိုးဇက်က   ပြောဆိုခဲ့ခြင်း   ဖြစ်သည်။

ထိုအပြင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း အလားတူ ပုတ်ခတ်စော်ကားသည့် စကားရပ်များ ပါဝင် သည့် ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှ တဆင့်ဖြန့်ဝေ၍ ထပ်မံပြော ကြားခဲ့သေးသည်။

"အဓိက ကျွန်တော်တို့က သူပြောတဲ့ ခုနက စကားလုံးပေါ့နော်။ မြန်မာနိုင်ငံက သတင်းစာတွေ မယုံကြည်ရဘူး ပေါ့နော်။ ပြီးတော့မှာ တတ်လို့လုပ်တာ မဟုတ်ဘူူး ငတ်လို့လုပ်စားတယ်။   လျှောက်ရေးချင် တာ တွေကို ရေး တယ်ဆိုတာတွေကို သူ့အနေနဲ့ တာဝန်ယူပြီးတော့မှ တောင်းပန်ပါတယ်။ သူမှားပါတယ်။ နောက်ပြီးတော့မှ ဒါမျိုးနောက်ထပ် ထပ်ပြီးတော့မှ အမှားမျိုး မလုပ်ဘူးဆိုတာမျိုးကိုလည်း ကတိပေးပါတယ်ဆိုတဲ့ အကြောင်းကို လည်း ကျွန်တော်တို့က သေချာ ရေးပြီး တော့ သူတို့ဘက်က သဘောတူတယ်ပေါ့နော်။ ဒီမှာလည်း အားလုံး ပေါင်း မီဒီယာကောင်စီ လူကြီးတွေရှေ့မှာ သဘော တူပြီးတော့ လက်မှတ်ထိုးထားခဲ့တယ်ပေါ့လေ " ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။

ဦးဂျိုးဇက်မှ ထိုကဲ့သို့ ပြောဆိုခဲ့မှုများကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးဆောင်ပြီး မြန်မာနိုင်ငံရှိ သတင်းသမားများက သဘောထားလက်မှတ်ရေးထိုးကာ သတင်းမီဒီယာများ၏ တိုင်ကြားစာများ၊ လက်မှတ်များ၊ ဗီဒီယို မှတ်တမ်းများ နှင့်အတူ သတင်းမီဒီယာဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ စက်တင်ဘာ ၃ဝ ရက် တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly