နှစ် ၃၀ အားပေးလာသည့်ပရိသတ်ကို အဝေးကွင်းပွဲတစ်ပွဲမကြည့်၍ အဝေးကွင်းပွဲကြည့်ခွင့်တစ်နှစ် ပိတ်ပင်လိုက်သည့် မန်ယူ

နှစ် ၃၀ အားပေးလာသည့်ပရိသတ်ကို အဝေးကွင်းပွဲတစ်ပွဲမကြည့်၍ အဝေးကွင်းပွဲကြည့်ခွင့်တစ်နှစ် ပိတ်ပင်လိုက်သည့် မန်ယူ

အောက်တိုဘာ ၇၊ မန်ချက်စတာ ။              ။ မန်ယူအသင်းသည် အသင်းကို နှစ် ၃၀ ကြာ အားပေးလာခဲ့သည့် ပရိသတ်တစ်ဦးကို အဝေးကွင်းပွဲစဉ်တစ်ပွဲကြည့်ရှုရန် ပျက်ကွက်မှုကြောင့် ယခုနှစ်အဝေးကွင်းပွဲစဉ်အားလုံးကို ကြည့်ရှုခွင့်ပိတ်ပင်လိုက်သည်။

မန်ယူအသင်း၏ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသော ကလပ်ခ်ဆိုသည့် ပရိသတ်သည် ဟားလ်စီးတီးနှင့်ပွဲစဉ်တွင် အဝေးကွင်းလက်မှတ်ဝယ်ယူရန် ကြိုတင်စာရင်းပေးထားခဲ့သော်လည်း ထိုနေ့တွင် နေမကောင်းဖြစ်နေသည့်အတွက် သွားရောက်ကြည့်ရှုရန် ပျက်ကွက်ခဲ့သည်။

ထိုကဲ့သို့ ပျက်ကွက်ခဲ့သည့်အတွက် မန်ယူအသင်း၏လက်မှတ်အရောင်းဌာနက ကလပ်ခ်အား လာမည့် ၁၂ လအတွင်း မန်ယူ၏အဝေးကွင်းလက်မှတ်များကို ဝယ်ယူရရှိတော့မည်မဟုတ်ကြောင်း စာပို့ကာ အကြောင်းကြားခဲ့သည်။

အဝေးကွင်းလက်မှတ် ကြိုတင်ဝယ်ယူမှုနှင့် ပတ်သက်၍ မန်ယူအသင်း၏ စည်းမျဉ်းစည်းကမ်းများတွင် ပရိသတ်များအနေဖြင့် ပွဲသို့မလာနိုင်ပါက ကြိုတင်မှာယူမှုကို ပယ်ဖျက်ရုံသာဖြစ်ပြီး ပွဲကြည့်ခွင့်ပိတ်ပင်မည်ဟု မပါရှိပေ။

ကလပ်ခ်မှာလည်း အမှန်တကယ်နေမကောင်းဖြစ်နေခြင်းဖြစ်သည့်အတွက် မန်ယူအသင်း၏လုပ်ရပ်မှာ အသင်း၏အခြားပရိသတ်များကို စိတ်ပျက်စေခဲ့သည်။ ရှက်ဖွယ်ကောင်းပြီး မနှစ်မြို့ဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ကလပ်ခ်၏မိသားစုကလည်း ထိုပွဲသို့ ကလပ်ခ်မသွားနိုင်သော်လည်း ထိုလက်မှတ်ဖြင့် အခြားပရိသတ်တစ်ဦးက သွားရောက်အားပေးခဲ့သည်သာဖြစ်ကြောင်း စောဒကတက်ပြောဆိုခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required