မလိုချင်ဘူးစစ် တေးသီချင်းရိုက်ကူးရာတွင် အခြားသီချင်းများထက် တာဝန်ကြီးသည်ဟု ဒါရိုက်တာဆို

မလိုချင်ဘူးစစ် တေးသီချင်းရိုက်ကူးရာတွင် အခြားသီချင်းများထက် တာဝန်ကြီးသည်ဟု ဒါရိုက်တာဆို
နီနီခင်ဇော်၏ အနီရောင် တစ်ကိုယ်တောင် အခွေအတွက် စာနယ်ဇင်း မိတ်ဆက်။ ဓါတ်ပုံ (ရွှေစင်စုလတ်)

ရန်ကုန် ၊ ဇူလိုင် ၁၅ ။    ။ အဆိုတော် နီနီခင်ဇော်၏ မလိုချင်ဘူးစစ် တေသီချင်းကို ရိုက်ကူး ပုံဖော်ရာတွင် စနစ်တကျ ရိုက်ကူးနိုင် ရန်အတွက်သေချာပြင်ဆင် ခဲ့ရပြီး ၎င်းအတွက်  အခြားသီချင်းများထက် ပိုမို တာဝန် ကြီးခဲ့ ကြောင်း ရိုက်ကူးခဲ့သူ  ဒါရိုက်တာ မောင်မောင်သာမြင့် က ပြောသည်။

မလိုချင်ဘူးစစ် တေးသီချင်းကို တေးရေး ဝေလ ၊ ကိုထက် တို့က ရေးသား ပေးထားပြီး အဆိုတော် နီနီခင်ဇော် ကိုယ်တိုင်ဆို ကိုယ်တိုင် ပါဝင် သရုပ်ဆောင် ထားကာ ဒါရိုက်တာမောင်မောင်သာမြင့်က ရိုက်ကူး ပုံဖော် ထားခြင်းဖြစ်သည်။

ဒါရိုက်တာ မောင်မောင်သာမြင့် က  "တာဝန်ယူရတာ အရမ်းများတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော် တို့က အမှားခံလို့ မရတဲ့ အရာတွေ ရှိတယ်။ ဒီလိုမျိုး ငြိမ်းချမ်းရေး နဲ့ ပတ်သက်တာ စစ်နဲ့ ပတ်သက် တာကျတော့ အရမ်း တာဝန် ကြီးတဲ့ အတွက် ကိုယ့် ဘက်ကလည်းအများကြီး ကြိုးစားထားရတယ်။ ကျွန်တော်တို့ပါမစ် ရှစ်ခုလောက်လျှောက်ခဲ့ရတယ် ရဲစခန်း ၊မီးသတ်ကောလျှောက် ခဲ့ရတယ်။ နောက်ဆုံးတော့ အဆင်ပြေ သွားပါတယ်" ဟုပြောသည်။

ထို မြူးဇစ် ဗီဒီယို ရိုက်ကူးရာတွင် တဲများကို မီးရှို့ပြီး ရိုက်ကူးရမည် ဖြစ်သည့် အတွက် Setting တည် ဆောက် ရာတွင် ဓနိနှင့် ဝါးတဲ တည်ဆောက် ခဲ့ပြီး ယင်းတဲသည်  မိနစ် ၂၀ အတွင်း ပြာကျပြီး မီးလောင်ခြင်းကြောင့် ထို မိနစ် ၂၀ အတွင်း တစ်ပုဒ်လုံး နီးနီး ပြီးစီးအောင် ပြင်ဆင် ရိုက် ကူး ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

မလိုချင်ဘူးစစ် တေးသီချင်းသည် အဆိုတော် နီနီခင်ဇော်၏ အနီရောင်ဟု အမည် ပေးထားသည့် ဒုတိယ မြောက် တစ်ကိုယ်တော် တေးအယ်ဘမ် တွင် ပါဝင်သည့် တေးသီချင်း တစ်ပုဒ် ဖြစ်ပြီး  ဒါရိုက်တာ မောင်မောင်သာမြင့်သည် အဆိုတော် နီနီခင်ဇော်၏ ပထမ တေးစီးရီး မာရီယို အခွေတွင် ပါဝင်ခဲ့သည့် မျှော်လင့် ချက် တစ်စုံတစ်ရာ တေးသီချင်းက်ုလည်း ရိုက်ကူး  ပေးခဲ့သူ ဖြစ်သည်။

အဆိုတော် နီနီခင်ဇော်က "မလိုချင်ဘူးစစ် ဆိုတဲ့ သီချင်းက နီနီ အတွက် သိပ်ကို အလေးထားပြီး တော့ နီနီ သီဆိုတဲ့ အခါမှာ လည်း မျက်ရည် ဝိုင်းပြီး သီဆို ရတယ်။ ရိုက်ကူးတဲ့ အခါမှာလည်း ကိုယ်တိုင်မျက်ရည်ကျပြီး ရိုက်ကူး ခဲ့ရတဲ့ သီချင်း လေးပါ။ စစ်ဘေးဒုက္ခကို ခံစားနေရတဲ့ ပြည်သူတွေ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ အဓိကတော့ နီနီ ပေးချင်တဲ့ မက်ဆေ့ချ်က စစ်ဘေးဒဏ်ကြောင့် ပညာမသင်ရတဲ့ ကလေးတွေ စားရသောက် ရမဲ့ ကလေးတွေ အတွက် သူတို့ ဘဝလေးကို ကိုယ်ချင်းစာပြီး ရိုက်ကူး ထားတာပါ" ဟု ပြောပြသည်။

နီနီခင်ဇော်  အနီရောင်ဟု အမည်ပေးထာသည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဇူလိုင် ၁၉ရက်တွင် Bo Bo Music Production က ဖြန့်ချိမည် ဖြစ်သည်။

အနီရောင် တေးအယ်ဘမ်တွင် ကိုယ်ပိုင် သံစဉ်တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီးတေးရေးဆရာများ အဖြစ်ရွှေဂျော်ဂျော် ၊ဆောင်းဦးလှိုင် ၊ ဇဝါ ၊ ဝေလ ၊ ဆလိုင်း ၊ ကိုထက် ၊ Lil'Z(MJN) ၊ သော်မိုးစက် တို့က  ပါဝင် ရေး သား ထားပြီး Featuring အဆိုတော်များ အဖြစ် ဝေလ နှင့် Lil'Z(MJN) တို့က ပါဝင် သီဆို ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required