နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည်ဟုဆိုကာ ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ထား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုသည်ဟုဆိုကာ ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ထား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၆ရက်၊ ၂၀၁၆ခုနှစ်) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာဆဲဆိုခဲ့သည်ဟုဆိုသူနှစ်ဦးအား ဇေယျာသီရီမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌမှ ရေဆင်းရဲစခန်းတွင် အောက်တိုဘာ ၅ရက်က ပုဒ်မ (၃)ခုဖြင့် အမှုဖွင့်လိုက်သည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ လေသာကျေးရွာနေ ဦးအောင်မြင့်သန်းနှင့် ဦးဌေးမြင့်ဆိုသူတို့မှာ စက်တင်ဘာလ ၂၂ ရက်၊ ည ၁၁ နာရီအချိန်ခန့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုခဲ့ခြင်းကြောင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဇေယျာသီရီမြို့နယ် NLD ပါတီ ဥက္ကဌ ဖြစ်သူ ဦးသက်ထွေးက ပြောသည်။

“ရေဆင်းရဲစခန်းမှာ အမှုသွားဖွင့်တော့ စခန်းမှူးက ဖွင့်ပေးတာက ပုဒ်မ ၂၉၄ / ပုဒ်မ ၅၀၀ / ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခဲ့တယ်။ ဒီနေ့တော့ သက်သေတွေနဲ့ အမှုဖွင့်ခံရသူနှစ်ဦးကို ရေဆင်းရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်” ဟု ဦးသက်ထွေးက ဆိုသည်။

ဆဲဆိုခဲ့သူနှစ်ဦးမှာ အဓိကအားဖြင့် သမ္မတ ဦးထင်ကျော်အစိုးရလက်ထက်တွင် ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်လာသည့်အပေါ် မကျေနပ်သည့် အကြောင်းအရာများကို အခြေခံ၍ ဒေါ်အောင်ဆန်းစုကြည်အား အော်ဟစ်ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇေယျာသီရီမြို့နယ်၊ ရေဆင်းရဲစခန်းမှူးဖြစ်သူ ဦးသန်းအောင်က “မနေ့က နေ့လည်ကမှ အမှုဖွင့်တာဆိုတော့ ဒီနေ့ထိ တရားလိုရယ်၊ သက်သေတွေရယ်ကို ခေါ်ယူစစ်ဆေးပြီးသွားပြီ။ မြေပုံကြမ်းဆွဲပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးရအုံးမှာပါ " ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားဆဲဆိုသည်ဟုဆိုကာ အမှုဖွင့်ခံထားရသူနှစ်ဦးသည် မည်သည့် နိုင်ငံရေးပါတီဝင်မှမဟုတ်ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required