ကချင်နှင့် ရှမ်းမြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော် စားနပ်ရိက္ခာပြတ်လပ်နေ

ကချင်နှင့် ရှမ်းမြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော် စားနပ်ရိက္ခာပြတ်လပ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းတစ်ခုမှ စစ်ပြေးဒုက္ခသည် သားအမိကို တွေ့ရစဉ်။ (ဓာတ်ပုံ- အီးပီအေ)

ရန်ကုန်၊ အောက်တိုဘာလ ၆ ။             ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူ ၁သိန်း ကျော် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကချင်ပြည်နယ် လူငယ် ဖွံ့ဖြိုးရေး အဖွဲ့မှ သိရသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများထံသို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့သော စား နပ် ရိက္ခာ အကူ အညီများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တင်းကြပ်စွာ ပိတ်ပင်ကန့်သတ်မှုများကြောင့် အောက်တိုဘာလ ၆ရက်၊ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ အောခစ်ဟိုတယ်တွင် ပြုလုပ်သည့် တိုက်ပွဲကြားမှ ပြည်သူ့အသံ သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ် လူငယ် ဖွံ့ဖြိုးရေး အဖွဲ့မှ တာဝန်ခံ ကိုဘရန်ကြွယ်က မီဒီယာများ ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ တစ်နေ့ထက် တစ်နေ့ ပိုများလာတယ်။ သူတို့ကို ထောက်ပံ့ဖို့ဟာ နိုင်ငံတကာကနေ ထောက်ပံ့မှုတွေ ရရှိခဲ့တယ်ပေါ့။ ရရှိပြီးမှ ယနေ့ထိ အသက်ဆက် ရှင်ခဲ့တဲ့ ဟာတွေရှိပါတယ်။ ဒါပေမယ့် ဒီတလော အတောအတွင်းမှာ တပ်မတော်အနေနဲ့ လူသားချင်း စာနာထောက် ပံ့မှု အဖွဲ့တွေကို တားဆီးပိတ်ပင်တယ်။ လုံးဝထောက်ပံ့လို့ မရတော့ဘူး ဆိုတဲ့ အခြေအနေတွေ ရှိနေ ပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ဘေး ကယ်ဆယ်ရေး စခန်းမှာ ၁၆၇ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ၂သောင်း ကျော်ရှိ ကြောင်း ကချင်ငြိမ်းချမ်း ရေး ကွန်ရက်မှ လူငယ်အဖွဲ့ဝင် အက်စတာဇေနော်က ပြောသည်။

"ဒီမှာက အဓိက စိန်ခေါ်ချက်ကတော့ ၄ ခုရှိပါတယ်။ အဲ့ဒါကတော့ စားနပ်ရိက္ခာ၊ အရပ်သားပြည်သူ လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဘက်ဘက်မှ လျော့ကျလာတာနဲ့ နေရပ်ပြန်နိုင်ရေး အနာဂတ် စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ အဲဒီမှာက စားနပ်ရိက္ခာဆိုတဲ့အောက်မှာ အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်မှု သုံးပိုင်း ပြန်ကွဲနေပါတယ်။ ဒါကတော့ ကူညီထောက်ပံ့မှုတွေ လျော့ကျလာတယ်။ စားနပ်ရိက္ခာ ဖြန့်ဖြူးဖို့ အ တွက် ပိတ်ပင်တားဆီး ခံရတယ်။ နောက် စားနပ်ရိက္ခာသယ်ယူမှုတွေကို စည်းကျပ်မှုတွေ ရှိလာတာပေါ့နော်။ "ဟု သူက ဆိုသည်။

လက်ရှိအစိုးရတွင် လူသားချင်းစာနာထောက်ထားသော အားဖြင့် စစ်ရှောင်စခန်းများထံသို့ ပြည်တွင်းပြည်ပ အ ဖွဲ့ အစည်းများ၏ ကူညီထောက်ပံ့မှုများကို ကန့်သတ် ပိတ်ပင် တင်းကြပ်မှုမရှိ ခွင့်ပြုပေးရန်နှင့် လတ်တလော တိုင်းရင်းသားဒေသများထံသို့ ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုကြောင်း ကချင်စာပေနှင့် ယဉ်ကျေးမှုဖက်ဒရေးရှင်း (တက္ကသိုလ်များ) ကလည်း သဘောထားထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly