ရှဝိန်းစတိုင်ဂါအပေါ် မော်ရင်ဟိုဆက်ဆံပုံမှာ လေးစားမှုကင်းမဲ့ဟု ဂွန်ဒိုဂန်ဝေဖန်

ရှဝိန်းစတိုင်ဂါအပေါ် မော်ရင်ဟိုဆက်ဆံပုံမှာ လေးစားမှုကင်းမဲ့ဟု ဂွန်ဒိုဂန်ဝေဖန်

အောက်တိုဘာ ၆၊ မန်ချက်စတာ။            ။ ဂျာမနီလက်ရွေးစင်အသင်းဖော်ရှဝိန်းစတိုင်ဂါအပေါ် မန်ယူနည်းပြမော်ရင်ဟို၏ဆက်ဆံပုံမှာ လေးစားမှုကင်းမဲ့သည်ဟု ဂွန်ဒိုဂန်က ဝေဖန်ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် ဗန်ဟားလ်လက်မှ မန်ယူအသင်းကိုလွှဲပြောင်းကိုင်တွယ်စဉ်ကတည်းက ရှဝိန်းစတိုင်ဂါကို ပစ်ပယ်ထားပြီး ဂျာမနီအသင်းခေါင်းဆောင်ဟောင်းမှာ မန်ယူလူငယ်ကစားသမားများနှင့်အတူ လေ့ကျင့်ခန်းဆင်းနေရသည်။

ရှဝိန်းစတိုင်ဂါမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ယူကစားသမားစာရင်းတွင်ပါဝင်နေသော်လည်း မော်ရင်ဟိုလက်အောက်တွင် ကစားခွင့်မရသည့်အပြင် ပြောင်းလဲရန်အခွင့်အရေး မရှိဟုလည်း ပြောဆိုခံထားရသည်။

ဂျာမနီလက်ရွေးစင်အသင်းတွင် ရှဝိန်းစတိုင်ဂါအနားယူသည့်ပွဲအထိ တွဲကစားခဲ့ဖူးသည့် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်က “ကြားနေတွေ့နေရတာတွေက အမှန်ပဲဆိုရင် လေးစားမှုကင်းမဲ့တာလို့ ယူဆနိုင်ပါတယ်။

သူက တခြားကစားသမားတွေလိုမဟုတ်ဘဲ ၁၈၊ ၁၉ အရွယ်ကစားသမားလည်းမဟုတ်ပါဘူး။ ကြံ့ခိုင်မှုပြည့်နေတဲ့ စတိုင်ဂါဆီကနေ မန်ယူအသင်းဟာ ရာနှုန်းပြည့် အကျိုးရှိနိုင်ပါတယ်”ဟု ပြောသည်။

အာဆင်နယ်အသင်းမှ ဂျာမနီနောက်ခံလူ မာတီဆက်ကာကလည်း အသက် ၃၂ နှစ်အရွယ် စတိုင်ဂါမှာ မန်ယူအသင်းက ဗန်ဟားလ်ကိုထုတ်ပယ်ပြီး မော်ရင်ဟိုခန့်အပ်သည့်ကာလအတွင်း ကံမကောင်းစွာဖြင့်သားကောင်ဖြစ်ခဲ့ရသည်ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required