အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်နိုင်ရန် ဆရာတော် ဦးရက္ခဝံသက လူဝတ်လဲ ဆောင်ရွက်မည်

အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်နိုင်ရန် ဆရာတော် ဦးရက္ခဝံသက လူဝတ်လဲ ဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာလ ၅ ။                 ။ နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ရန်နှင့် အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်နိုင်ရန်အတွက် လူဝတ်လဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆရာတော် ဦးရက္ခဝံသ (ခ) ဦးလှဖြူက မဇ္ဈိမသို့ ဖြေကြားသည်။

အောက်တိုဘာလ ၅ရက်၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောင်းလမ်းရှိ ရွှေတောင်ကျောင်း တိုက်တွင် နိုင်ငံ ရေးကျဉ်းသားဟောင်းများ အဖွဲ့မှ ပေးအပ်လာသော တာဝန်နှင့် လုပ်ငန်းကိစ္စ အဝဝကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် ဆရာတော် ဦးရက္ခဝံသ သိက္ခာချ လူဝတ်လဲ အခမ်းအနားတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"'ဒီမိုကရေစီ အစိုးရ တက်မလာခင်တုန်းကတော့ အစာအငတ်ခံပြီးတော့ အများကြီးတောင်းဆိုခဲ့တာတွေ ရှိတယ်။ အခု လက်ရှိအချိန်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတော် အတိုင်ပင်ခံဖြစ်နေပြီ။ သမ္မတ ဦးထင်ကျော်က လည်း နိုင်ကျဉ်းဖြစ်နေတယ်။ ဝန်ကြီးချုပ်ကလည်း နိုင်ကျဉ်းဖြစ်နေတယ်ဆိုတော့ အပေါ်ပိုင်း မှာရှိနေတဲ့ ၊ အာဏာ ပိုင် ထဲမှာ ရှိနေတဲ့ လူတွေနဲ့ ကျွန်တော်တို့နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တွန်းအား ပေးခြင်း အတူတူ ကတော့ မြင်းမိုရ်တောင် နဲ့ ဇီးစေ့လောက် ကွာပါတယ်။ ဒါကြောင့် အခုကျွန်တော်တို့က အစာငတ်ခံပြီးတော့ ဆန္ဒပြစရာ မလိုဘူး။ တိုက်ရိုက် တောင်းဆို စရာမလိုဘူး။ ကျွန်တော်တို့ရဲ့ နိုင်ကျဉ်းရုံး ကနေ ပြီးတော့ ထုတ်ပြန်ချက် ထုတ်ရင်ထုတ်မယ်။ သမ္မတတို့ ဝန်ကြီးချုပ်တို့ကို သူတို့ကို အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး   ပြန်လွှတ်ပေးပါလို့ တိုက်တွန်း တောင်းဆိုသွားမှာ ဖြစ်ပါတယ် " ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းရုံး တည်ဆောက်ရန်အတွက် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံမှ မြေကွက်တစ်ကွက်ရရှိထားကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ၎င်းကောက်ယူ ထားသော စာရင်းအရ နိုင်ငံရေး အ ကျဉ်းသား ၁၂၈ ဦး ရှိကြောင်း၊ အဆိုပါရုံးကို တည်ဆောက်ပြီးပါက နိုင်ငံရေး အကျဉ်းသား များ၏ ပညာရေး၊ ကျန်းမာ ရေးများကို ဦးဝင်းတင်   ဖောင်ဒေးရှင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ကာ ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရန်ကုန်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိုင်းယှဉ်ပြီး ကြည့် လိုက်မယ်ဆိုရင် ရန်ကုန်မှာကျရင် ဆေးဝါး ကုသပိုင်ခွင့်တို့၊ ကျန်းမာရေး   စောင့်ရှောက်တာတို့၊ နောက် ပညာရေးနဲ့ ပတ် သတ်ပြီးတော့လည်း ခံစားခွင့်ရတယ်ပေါ့။ ရခိုင်မှာကျရင် လုံးဝဆေးဝါးကုသခွင့် မရှိဘူး၊ ကျန်းမာရေး စောင့်ရှောက်တာ တွေ မရှိတဲ့အတွက်ကြောင့် ရခိုင်ပြည်မှာ နိုင်ငံရေး အကျဉ်းသားရုံးတစ်ရုံး လိုအပ်ပါတယ် " ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားမှာ ၃ဝ ဦး ရှိပြီး ဆရာတော် ဦးရက္ခဝံသ က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထံမှ နိုင်ငံရေးအကျဉ်းသား ရုံးတည်ဆောက်ရန် အတွက် မြေကွက် ရရှိထားပြီး မ ကြာမီ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးပါက နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့အနေဖြင့်လည်း ကူညီ   ပေးသွားမည်ဖြစ်ကြောင်း   နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ နိုင်ကျဉ်းရေးရာ ကော်မတီ အတွင်းရေးမှူး ဦးထွန်းကြည်က ပြောသည်။

"အခုလိုမျိုး လမ်းကြောင်း ပွင့်သွားတဲ့အတွက် ရုံးတစ်ရုံးရှိလာပြီးဟေ့ ဆိုရင် အဲ့ဒီရုံးနဲ့ ချိတ်ဆက်ပြီးတော့ အဲ့ဒီရုံးကို တာ ဝန်ခံမယ့် ဦးလှဖြူ အပါအဝင်ပေါ့ဗျာ နောက်ပိုင်းဖွဲ့မယ့် ကော်မတီဝင်တွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ သံဓိဋ္ဌာန်ချထားပါတယ် "ဟု ၎င်းက ဆိုသည်။

ဆရာတော် ဦးရက္ခဝံသ သည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်အတွက် ၂ဝ၁၃ ခုနှစ် သြဂုတ်လမှ စကာ ၃ ကြိမ် တိုင်တိုင် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ဖူးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required