ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်တက်ရောက်သော အသင်းများ ထွက်ပေါ်လာ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်တက်ရောက်သော အသင်းများ ထွက်ပေါ်လာ
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယအဆင့်တွင် ရခိုင်အသင်းနှင့် နေပြည်တော်တို့ အကြိတ်အနယ် ကစားစဉ်။ (ဓာတ်ပုံ - MFF )

ဇူလိုင် ၁၅၊ ရန်ကုန်။ ။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဇူလိုင် ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်များ က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့၌ ကစားခဲ့ရာ ရတနာပုံ၊ ဟံသာဝတီ၊ မကွေး၊ GFA ၊ ဇွဲကပင်၊ ဧရာဝတီ၊ မနောမြေနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ ကွာတားဖိုင်နယ်သို့ အသီးသီး တက်ရောက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှာ GFA အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသလို ကမ္ဘောဇအသင်းမှာလည်း ဟံသာဝတီအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ရှုံးထွက်ဒုတိယအဆင့်တွင် ရတနာပုံအသင်းက Horizon အသင်းကို ၉-၀ ဂိုး၊ မကွေးအသင်း က ချင်းယူနိုက်တက်အသင်းကို ၁-၀ ဂိုး၊ ဇွဲကပင်အသင်းက ဇေယျာရွှေမြေအသင်းကို ၄-၃ ဂိုး၊ ဧရာဝတီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ၇-၀ ဂိုး၊ မနောမြေအသင်းက ဆောက်သမ်းအသင်းကို ၂-၁ ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းက နေပြည်တော်အသင်းကို ၂-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် ကွာတားဖိုင်နယ်တွင် ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်း၊ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ မနောမြေအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ မကွေးအသင်းနှင့် GFA အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်-၂ ကလပ် GFA အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့် တစ်သင်းတည်းသော နေရှင်နယ်လိဂ်-၂ ကလပ်အသင်း ဖြစ်လာသည်။

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို လာမည့် သြဂုတ် ၁ ၊ ၂ ရက်များတွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့၌ ဆက်လက်ကစားမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်အဆင့်ကို ပထမအကျော့နှင့် ဒုတိယအကျော့ နှစ်ကျော့ ခွဲကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ ၂၅ ရက်တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ
--------------------------------------------------------
၁-၈-၂၀၁၅    ရတနာပုံ -  ဟံသာဝတီ    (ညနေ ၄း၀၀)  အောင်ဆန်း
၁-၈-၂၀၁၅    မကွေး  -  GFA    (ညနေ ၄း၀၀)   သုဝဏ္ဏ
၂-၈-၂၀၁၅    ဇွဲကပင်  -  ဧရာဝတီ   (ညနေ ၄း၀၀)   အောင်ဆန်း
၂-၈-၂၀၁၅    မနောမြေ  -  ရခိုင်ယူနိုက်တက်  (ညနေ ၄း၀၀)  သုဝဏ္ဏ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required