နိုင်ငံသို့ရောက်လာသည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူအား တရုတ်၏ တောင်းဆိုချက်ကြောင့် ထိုင်းအာဏာပိုင်များ ထိန်းသိမ်း

နိုင်ငံသို့ရောက်လာသည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူအား တရုတ်၏ တောင်းဆိုချက်ကြောင့် ထိုင်းအာဏာပိုင်များ ထိန်းသိမ်း

အောက်တိုဘာ ၅ ။                        ။ နိုင်ငံသို့ လာရောက်လည်ပတ်သော ဟောင်ကောင် တက်ကြွလှုပ်ရှားသူ တစ်ဦးကို အောက်တိုဘာ ၅ ရက်တွင် ထိုင်းအာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး ၎င်းအား မကြာမီ ဟောင်ကောင်သို့ ပြန်ပို့သွားရန် စီစဉ်နေသည်။

၂၀၁၄ ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုဆွာဝေါင်ကို ယင်းနေ့ နံနက်ပိုင်းက ဘန်ကောက်မြို့လေဆိပ်သို့ရောက်ရှိလာစဉ်မှာပင်  ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အောက်တိုဘာ ၆ ရက်၌ ဘန်ကောက်မြို့ တက္ကသိုလ်တစ်ခုတွင် စကားပြောဆိုရန် အစီအစဉ်ရှိထားခဲ့ကြောင်း ၎င်း၏ Demosisto ပါတီက ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။ ၎င်းကို ထိုင်းကျောင်းသားတစ်ဦးဖြစ်သော နက်တီဝစ် ချိုတီပါပိုင်ဆယ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပိုင်ဆယ်၏ အဆိုအရ ဝေါင်မှာ ထိုင်းလူဝင်မှုရုံးတွင် ဆက်ရှိနေသေးပြီး မကြာမီ ပြန်ပို့ခံရမည်ဟု ထင်မြင်ကြောင်း ပြောသည်။

ဝေါင်၏ ထိုင်းခရီးစဉ်နှင့်စပ်လျင်း၍ တရုတ်အစိုးရထံမှ တောင်းဆိုစာတစ်စောင် ထိုင်းအစိုးရထံသို့ ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။

အလားတူ ဝေါင်မှာ ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက် Thammasat တက္ကသိုလ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အနှစ် ၄၀ ပြည့်မြောက်သည့်အခမ်းအနားတွင် ပါဝင်ရန်လည်း ဖိတ်ကြားခံထား ရသူဖြစ်သည်။

ယခုကဲ့သို့ ဝေါ ထိန်းသိမ်းခံရမှုနှင့် စပ်လျင်း၍ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြစ်တင်ဝေဖန်သွားပြီး ယခုဖမ်းဆီးမှုအရ ထိုင်းအစိုးရမှာ တရုတ်တို့၏ တောင်းဆိုချက်ကို လိုလိုလားလား လိုက်လျောပေးခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ အာရှဒေသဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြစ်တင်ပြောကြားသည်။ "ဝေါင်ကို ခုချက်ချင်းပဲ   ပြန်လွှတ်ပေးသင့် ပါတယ်၊   သူ့ကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုတာ၊ လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်ပြုပေးတာမျိုး လုပ်ပေးသင့်ပါတယ်" ဟု ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required