စာရင်းစစ်ချုပ်အစီရင်ခံစာ အသေးစိတ်ဖော်ပြရန်တိုက်တွန်းသည့်အဆို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်း

စာရင်းစစ်ချုပ်အစီရင်ခံစာ အသေးစိတ်ဖော်ပြရန်တိုက်တွန်းသည့်အဆို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်း

ရန်ကုန်၊ အောက်တိုဘာ ၄ ။              ။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြပေးပါရန် တိုက်တွန်းကြောင်း အဆိုကို ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခဲ့သည်။

ဆိတ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (အောက်တိုဘာ ၄ရက်) တွင် အဆိုပါ တိုက်တွန်းကြောင်းအဆိုကို တင်ပြခဲ့ခြင်း ဖြစ်သည်။

“မမှန်မကန်လုပ်တာမျိုးတွေ ဆိုလို့ရှိရင် စာရင်းစစ်ချုပ်ရုံးက စစ်ဆေးခွင့်ရှိတာမျိုးတွေရှိတယ် ဒါပေမယ့် စစ်ဆေးတွေ့ရှိ တယ် အကြံဉာဏ်တွေတင်ပြထားတယ် ။ ဒါပေမယ့် အရေးယူမှု ပိုင်းမှာ အားနည်းနေတယ်။ အဲ့တော့ကျွန်မတို့က အရေးယူမှုပိုင်းတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကို စာရင်းစစ်ချုပ်ရုံးရဲ့အစီရင်ခံစာကို ကျွန်မတို့ပြန်အားကိုးရတယ်။  အခုဆိုရင် အစိုးရအသစ်လည်း ပြောင်းသွားပြီ ။ ဒါကြောင့်မို့လို့ စာရင်းစစ်ချုပ်လည်း အသစ် ပြောင်းသွားပြီ အဲ့တော့ အခုချိန် က စပြီး ၂၀၁၆ - ၁၇ ရဲ့ တိုင်းဒေသကြီး အစိုးရရဲ့ ရန်ကုန်တိုင်းမှာဆိုရင် စာရင်းစစ်က အစိုးရဌာတွေကိုပဲ စစ်ဆေးရတာ ဖြစ်တယ် အဲ့တော့ ဒီအစိုးရဌာနတွေမှာလည်း ဘဏ္ဍာငွေကို အများဆုံးသုံးစွဲတဲ့ဌာနတွေကို သေသေချာချာ စစ်ပေးပါလို့ အဆိုတင်တာပါ “ ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဒေါ်စန္ဒာမင်း သွင်းခဲ့သည့် အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ခံဆွေးနွေးခဲ့သည်။

“ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ စီမံကိန်းများဟာ ရငွေသုံးငွေများအပေါ် စနစ်တကျဖြစ်စေဖို့ ပြည်သူလူထုတွေ ပွင့်လင်းမြင်သာစွာသိစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာပေါ်မှာ မူတည်နေသည်ဟု “  ဦးကျော်ဇေယျက ထောက်ခံဆွေးနွေး ခဲ့သည်။

စာရင်းစစ်ချုပ် အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြပေးပါရန် တိုက်တွန်းကြောင်း အဆို ကို အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက အတည်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required