မြောက်ကိုရီးယားတွင် လူခြောက်သိန်းကျော် ရေဘေးဒုက္ခ ကြံုတွေ့နေ

မြောက်ကိုရီးယားတွင် လူခြောက်သိန်းကျော် ရေဘေးဒုက္ခ ကြံုတွေ့နေ

ပြုံယမ်း၊ အောက်တိုဘာ ၃ ။           ။ မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ ခြောက်သိန်းကျော်ထက်မနည်း ရေကြီးမှု ဘေးကြုံနေရကာ အိမ်ခြေ သုံးသောင်းကျော် ပျက်စီးခဲ့ပြီး ဆောင်းရာသီမကျရောက်မီ လူသားချင်းစာနာထောက်ထားရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကြက်ခြေနီအဖွဲ့က ပြောသည်။

“ရေဘေးကြုံနေကြတာ တော်တော်များပါတယ်။ အဆိုးဆုံးသဘာဝဘေးလည်း ဖြစ်ပါမယ်။”ဟု နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့၏ မြောက်ကိုရီးယားကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ ခရစ်စတိန်းကပြောသည်။

သြဂုတ်လနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ အဆိုးဆုံးကြုံတွေ့နေရာ အရှေ့မြောက်ပိုင်းသို့ မြောက်ကိုရီးယားကြက်ခြေနီအဖွဲ့နှင့်အတူ လခြမ်းနီအဖွဲ့က အကူအညီများ ပေးပို့လျက်ရှိသည်။

အောက်တိုဘာနှောင်းပိုင်း စတင်နှင်းကျချိန်တွင် အပူချိန် ရေခဲမှတ်အောက် ဖြစ်လာမည်ဖြစ်၍ ယင်းမတိုင်မီ အရေးပေါ်အကူအညီများ အားချင်းလိုအပ်နေကြောင်း၊ ဆောင်းရာသီလယ်တွင် အပူချိန်မှာ အနှုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်စ်အထိ ကျဆင်းနိုင်ကြောင်း ခရစ်စတိန်းက ပြောသည်။

လာမည့် ဆယ်နှစ်လတာအတွက် လူ သုံးသိမ်းကျော်ကို လူသားချင်းစာနာထောက်ထားရေးအကူအညီများ ဖြည့်ဆည်းပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၆ သန်း အရေးပေါ်လိုအပ်ကြောင်း လခြမ်းနီအဖွဲ့က တောင်းခံထားသည်။

ယင်းအဖွဲ့၏ ပြီးခဲ့သည့်သီတင်းပတ်က မြောက်ပိုင်းဟမ်းယောင်ပြည်နယ်တွင် ရိုက်ကူးထားသည်ဆိုသော ဗီဒီယိုထုတ်လွှင့်မှုတွင် အဆောက်အအုံအပျက်အစီးများကို မြင်တွေ့ရပြီး ယာယီစခန်းများအတွင်း ရွှေ့ပြောင်းနေထိုင်ရသူ ပြည်သူများကို မြင်တွေ့ရသည်။

လူသားချင်းစာနာထောက်ထားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကုလသမဂ္ဂရုံးက စက်တင်ဘာ ၁၂ ရက်တွင် ဌာနဆိုင်ရာအချက်အလက်များကို ကိုးကားလျက် ထုတ်ပြန်ရာတွင် သေဆုံးသူပေါင်း ၁၃၃ ဦးရှိပြီး ပျောက်ဆုံးနေသူပေါင်းမှာ ၃၉၅ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required