စပါးမှာ မန်စီးတီးထက် တစ်ဆင့်မြင့်နေခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းဟု ဂွါဒီယိုလာ ချီးကျူး

စပါးမှာ မန်စီးတီးထက် တစ်ဆင့်မြင့်နေခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းဟု ဂွါဒီယိုလာ ချီးကျူး

အောက်တိုဘာ ၃၊ အင်္ဂလန် ။          ။ ရာသီစတင်သည့်အချိန်ကတည်းက ရှုံးပွဲမရှိသေးသည့် မန်စီးတီးအသင်းသည် ဝှိုက်ဟတ်လိန်းကွင်းတွင် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၇)တွင် စပါးအသင်းကို ပထမဆုံးရှုံးနိမ့်ခဲ့ရသည်။

ထိုပွဲစဉ်တွင် စပါးအတွက်အနိုင်ဂိုးများကို အယ်လီကတစ်ဂိုးသွင်းယူပေးခဲ့ပြီး ၎င်းဂိုးမတိုင်ခင် ကိုလာရော့ဗ်က တစ်ဂိုး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ခြင်းဖြစ်သည်။

ထိုပွဲအပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပါးအသင်း၏ ကစားပုံမှာ မန်စီးတီးထက် တစ်ဆင့်မြင့်နေပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့သည်။

‘စပါးအသင်းရဲ့ဒီနေ့ကစားပုံက ကျွန်တော်တို့ထက် တစ်ဆင့်မြင့်နေပါတယ်။ ဒါကိုလက်ခံရမှာဖြစ်ပြီး ဒီအရှုံးကနေ သင်ယူရမှာပါ။ ကျွန်တော်တို့ဘောလုံးတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ စပါးက ဒုတိယဘောလုံးအထိန်းအသိမ်းမှာ ကျွန်တော်တို့ထက်အမြဲသာခဲ့ပါတယ်။ ဒါက မန်စီးတီးအတွက် ပြဿနာဖြစ်စေခဲ့ပြီး ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲစေခဲ့ပါတယ်။

သူတို့ဟာ ပင်ကိုယ်အရွယ်အသွေးနဲ့ ကစားခဲ့ကြပါတယ်။ စပါးက မာမာထန်ထန်နဲ့လျင်လျင်မြန်မြန်ကစားတတ်တဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာဆို ပိုကောင်းတတ်တာ သိပါတယ်။   ဘောလုံးဆိုတာ ဖြစ်စဉ်တစ်ခုပါ။ ကျွန်တော်တို့လည်း နောက်  ၂ နှစ်၊ ၃ နှစ်လောက်ဆို ကောင်းမွန်လာပါလိ့မ်မယ်’ ဟု ဂွါဒီယိုလာက ပြောသည်။

ထို့အပြင် စပိန်နည်းပြက ‘ စပါးတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နောက်ဆုံးအချိန်အထိ ပရီးမီးယားလိဂ်ချိန်ပီယံဆုကို တိုက်ပွဲဝင်ခဲ့တဲ့ အသင်းပါ။ ပရီးမီးယားလိဂ်မှာ အသင်းအများအပြားက ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြပါတယ်။ စပါးက အဲ့ဒီအသင်းတွေထဲက တစ်သင်းပါ’ ဟု ချီးကျူးပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ရာသီအစကတည်းက ၁၀ ပွဲဆက်တိုက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်တွင် ဆဲလ်တစ်နှင့်သရေကျကာ ၁၁ ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်သည့်အသင်းဖြစ်သည်။ ယခုပွဲအရှုံးကြောင့် ထိုစံချိန် ပျက်ပြယ်ခဲ့ရသလို ပရီးမီးယားလိဂ်တွင် ၇ ပွဲဆက်အနိုင်ရသည့် ပထမဆုံးအသင်းဖြစ်လာနိုင်သော အခွင့်အရေးလည်း ပျက်စီးသွားခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required