ထူးထူးခြားခြား Cycle ball ဆိုတဲ့ အားကစား

02 October 2016
ထူးထူးခြားခြား Cycle ball ဆိုတဲ့ အားကစား

ဒီတစ်ပတ်မှာတော့ Cycle ball ဆိုတဲ့ ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ စက်ဘီးစီးပြီး ဘောလုံးကစားရတဲ့ အားကစားနည်းတစ်ခုပါ။

များသောအားဖြင့် လူတိုင်းကတော့ စက်ဘီးနဲ့ ဘောလုံးကိုပေါင်းစပ်ဖို့မလိုဘူးလို့ တွေးချင်တွေးကြမှာပါ။ ဒါပေမဲ့လည်း ဒီကစားနည်းက တကယ်ပဲအပြင်မှာရှိနေခဲ့ပါတယ်။ အားကစားနည်းအသစ်တောင်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ လောက်ကတည်းက ရှိနေခဲ့တာပါ။ ၁၈၉၃ ကတည်းက ဂျာမန်-အမေရိကန်လူမျိုး နီကိုးလက်စ် အက်ဒ်ဝက် ကော့ဖ်မန်းက စတင်တီထွင်ခဲ့တာဖြစ်ပြီး ပထမဆုံးကမ္ဘာ့ချန်ပီယံပြိုင်ပွဲကိုတော့ ၁၉၂၉ မှာကျင်းပခဲ့ပါတယ်။ ဂျာမနီမှတော့ ရက်ဒ်ဘောလို့ခေါ်ပါ တယ်။

ဒီကစားနည်းဟာ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ရုရှနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ရေပန်းစား တဲ့ ကစားနည်းတစ်ခုပါ။ အအောင်မြင်ဆုံးကစားသမားတွေကတော့ ချက်ကိုဆလိုဗက်ကီးယားက ပေါ့စ် စပစ်ဆယ်လ်ညီနောင် ဖြစ်ပြီး ၁၉၆၅ ကနေ ၁၉၈၈ အတွင်းမှာ ကမ္ဘာ့ချန်ပီယံ အကြိမ် ၂၀ ဖြစ်ခဲ့ပါတယ်။

တစ်ဖက်ကို ပြိုင်ပွဲဝင်နှစ်ဦးစီယှဉ်ပြိုင်ရတာဖြစ်ပြီး ဆက်ကပ်နဲ့ ဂျွမ်းဘားအလှပြပြိုင်ပွဲတွေမှာသုံးတဲ့ ဘရိတ်မပါတဲ့ စက်ဘီးအမျိုး အစားကို အသုံးပြုရပါတယ်။ ဂိုးဖမ်းတဲ့အခါမှာသာ   ဘောလုံးကိုလက်နဲ့ဖမ်းခွင့်ရှိပြီး ကျန်အချိန်တွေမှာတော့ ဦးခေါင်း၊ စက်ဘီးတို့နဲ့သာ ထိခွင့်ရှိပါတယ်။ ဒီကစားနည်းဟာ စက်ဘီးစီးပြီးကျွမ်းဘားအလှပြရတဲ့ ပြိုင်ပွဲနဲ့လည်း ဆက်စပ်ရှိပါတယ်။

ပြိုင်ပွဲရှိနေခဲ့တာကြာပြီဖြစ်ပေမယ့် အခုမှလူစိတ်ဝင်စားမှုကျယ်ပြန်လာတဲ့ ဖြစ်နိုင်ချေအကြောင်းရင်းတွေလည်း ရှိနေပါတယ်။ လူတွေဟာ ဖျော်ဖြေရေးကိုပိုမိုနှစ်သက်လာသလို နေရာတိုင်းလိုလိုမှာ အင်တာနက်အသုံးပြုမှုကျယ်ပြန့်လာတာကြောင့် ဒီအားကစားနည်းအကြောင်းကို ပိုမိုအကျွမ်းဝင်သိရှိလာလို့ ဖြစ်နိုင်ပါတယ်။

ဒီကစားနည်းကို ကစားတော့မယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ထိခိုက်ဒဏ်ရာတွေရနိုင်ပါတယ်။ နံပါတ်နှစ်အနေနဲ့ကတော့ အရမ်းခက်ပါတယ်။ ရုံတွင်းအားကစားနည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအဖြစ် နှစ်စဉ်ကျင်းပနေပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၇ အာရှရုံတွင်းအားကစားပြိုင်ပွဲမှာလည်း ထည့်သွင်းကျင်းပခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags