ရခိုင် အစိုးရ အဖွဲ့ဝင်ဟောင်းများ ပါ၀င်ပတ်သက်နေသည့် စစ်တွေမြေ အရှုပ်တော်ပုံ စုံစမ်းစစ်ဆေး

ရခိုင် အစိုးရ အဖွဲ့ဝင်ဟောင်းများ ပါ၀င်ပတ်သက်နေသည့် စစ်တွေမြေ အရှုပ်တော်ပုံ စုံစမ်းစစ်ဆေး
 စက်မှုဇုန်တည်ဆောက်ရန် သိမ်းဆည်းခဲ့သည့် စစ်တွေမြို့၊ ဆတ်ရိုးကျတဘက်ကမ်း မြေများ  ( ဓာတ်ပုံ - RiA)

စစ်တွေ၊ အောက်တိုဘာ ၁ ရက်။           ။  စစ်တွေမြို့ တစ်ဖက်ကမ်း၊ ဆတ်ရိုးကျရပ်ကွက် အတွင်းရှိ လယ်မြေများအား စက်မှုရပ်ကွက် စီမံကိန်း အ ကြောင်းပြ၍ သိမ်းဆည်းခဲ့ပြီး အိမ်ရာမြေများအဖြစ် သတ်မှတ်ခွဲဝေယူခဲ့ကြမှုတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝင်ဟောင်းများ ပါဝင်ပတ်သတ်နေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရ သည်။

ဆတ်ရိုးကျရပ်ကွက် အတွင်းမှ တောင်သူ ၁၆ ဦး ပိုင်ဆိုင်သည့် လယ်မြေ ၁၄၂ ဒဿမ ၁၉၇ ဧက၊ ဓနိတော ၃ ဧကနှင့် ကျေးတောရွာမမှ တောင်သူ ၇ ဦးတို့ ပိုင်ဆိုင်သည့် ၂၄ ဒဿမ ၇၁ ဧက တို့အား စက်မှုရပ်ကွက် တည်ဆောက်မှုကို အကြောင်းပြကာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

မြေပိုင်ရှင်များကို အကြောင်းကြားမှု မရှိဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စက်မှုရပ်ကွက် တည်ဆောက်ရန် သိမ်းဆည်းခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ၏ အမည်ပေါက် ဖြင့် အိမ်ရာအကွက်ရိုက်၊ ခြံစည်းရိုးခတ်မှု၊ အဆောက်အဦ ဆောက်လုပ်မှုများ ရှိနေသည်။

“ ဒီမြေတွေကို သိမ်းတာဟာ နည်းလမ်းမကျဘူးဆိုပြီး ပြောနေကြတဲ့ အချိန်မှာ သတင်းတွေက ထွက်ပေါ် လာ ခဲ့ပါတယ်။ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေဟာ သူတစ်ကွက် ငါတစ်ကွက် ဝေပြီး ယူ ထားကြတယ် ဆိုတာကို ကြားလာရတယ်” ဟု ကျေးတော ရွာမ ရွာမှ တောင်သူ ဦးကျော်မောင်ကစွပ်စွဲ ပြောဆိုသည်။

“ကျွန်တော်တို့က မြေစာရင်းဌာနကို သွား ပြီး မေးကြည့်တော့ အတွေ့မခံဘူး။ နောက်ပိုင်းမှာတော့ အတွေ့ခံပါတယ်။ အကျိုးအကြောင်းမေးကြည့်တော့ သူတို့နဲ့ မဆိုင်ဘူး။ ခရိုင်ထွေအုပ်ကိုပဲ သွားမေးကြည့်ပါလို့ပြောပါတယ်။ အဲဒီကိုသွားမေးတော့ ကျေးရွာတွေက လယ်သမားတွေကို ပေးလိုက်ပြီဆိုပြီးတော့ ရုံးထဲကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ စာရေးမ ဒေါ်စောခင်သောင်း က ရုံးကိုလည်းမလာနဲ့ စာလည်းမတင်နဲ့ တင်ရင်လည်းမရတော့ဘူး ဆိုပြီးတော့ပြောပါတယ်။” ဟုလည်း ဦးကျော်မောင်က ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် သိမ်းဆည်းခဲ့သည်မှာ ဒေသခံများ အလုပ်အကိုင် ရရှိရေးအတွက် စက်မှုလုပ် ငန်းများအား တည်ဆောက်နိုင်ရန်အတွက် ချမှတ်ခဲ့သည့် စီမံကိန်း ဖြစ်သော်လည်း ကြံ့ခိုင်ရေးအစိုးရ လက်  ထက်တွင် ယင်းမြေများအား ထပ်မံ သိမ်းဆည်းယူခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းမြေပေါ်တွင် စစ်တွေမြို့ဖွံ့ဖြိုးရေး စီမံကိန်းများချမှတ်ကာ ဌာနဆိုင်ရာ ရုံးများ တည်ဆောက်ခြင်း၊ လူနေရပ်ကွက်များ တိုးချဲ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ခြင်းတို့ကြောင့် ယခင်က တစ်ဧကလျှင် ကာလ ပေါက်ဈေး ၈ သိန်း ဝန်းကျင်ခန့်သာ ရှိနေခဲ့သည့် မြေများမှာ ယခုအခါ ၆၀×၄၀ အိမ်ရာ မြေ တစ် ကွက်လျှင် ကျပ်သိန်း ၄၀၀ ကျော်ထိ ပေါက်ဈေးရှိလာပြီး   မြေကွက်များ ရောင်းဝယ်ခြင်း ရှိနေသည်။

အဆိုပါ မြေကိစ္စတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်နေမှုကို စစ်ဆေးနိုင်ရန် ပြည်နယ်လွှတ်တော် မြေယာစိစစ်ရေးကော်မတီမှ အချက်အလက်များကို စုဆောင်းလျက်ရှိသည်။

“ အဲဒီမြေကိစ္စနဲ့ ပါတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၄ ရက်နေ့က လွှတ်တော်မှာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ တစ်ခုကို ဖွဲ့စည်း အတည်ပြုလိုက်ပါတယ်။ အဲဒီအဖွဲ့ကို စစ်တွေ မဲဆန္ဒနယ် အမှတ် ၁ က ဦးအေးသိန်း ဦး ဆောင်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နှစ်လ အတွင်းမှာ စစ်ဆေးချက်တွေကို တင်ပြသွားမှာ ဖြစ် ပါ တယ်။ ၂၀၁၂ ခု မြေယာဥပဒေ၊ တခြား ဥပဒေတွေနဲ့ ခွဲဝေချထားမှုတွေဟာ ညီညွတ်မှုရှိမရှိကို စစ်ဆေး သွားမှာဖြစ်ပါတယ်။ အဲဒီမြေတွေကို စီမံခန့်ခွဲလိုက်တဲ့ သက်ဆိုင်ရာ လူကြီးတွေဆီက လိုအပ်တဲ့ စာရွက် စာ တမ်း တွေကို တောင်းပြီးတော့။ လောလောဆယ် မှာတော့ ဒီနေ့ မနက်ပိုင်းက သက်ဆိုင်ရာ လူကြီးတွေကို ကိုယ်တိုင် တွေ့ဆုံမှုတွေလုပ်ပြီးတော့ အချက်အလက်တွေကို တောင်းခံမှုတွေကို စပြီး လုပ်နေပါပြီ” ဟု မြေ ယာ စုံစမ်းဖော်ထုတ်ရေးကော်မတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးကပြောသည်။

လယ်မြေများအား ပြန်လည်ရရှိရေးအတွက် ဆက်လက် ကြိုးစားနေချိန်တွင် သိမ်းဆည်းထားသူများက ယင်း မြေများအား ထပ်ဆင့် ရောင်းချလိုက်ကြသည့်အတွက် မြေနေရာ အများစုတို့မှာ စီးပွားရေး လုပ်ငန်းရှင်များ လက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းမြေပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်း၊ အိမ်ရာမြေအကွက်ရိုက် ရောင်းချမှုများ ရှိနေပြီး တိုင်ကြားရန် ဆောင်ရွက်သူ လယ်သမားများအား ထောင်ချပစ်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေကြောင်း သိမ်း ဆည်းခံတောင်သူများက ပြောသည်။

သိမ်းဆည်းမြေယာများကို ကိုယ်ပိုင်ပြုမှုနှင့် တဆင့်ခံ ရောင်းချမှုများတွင် တိုက်ရိုက်ပတ်သက်နေသော ပြည် နယ် အစိုးရအဖွဲ့ဝင်ဟောင်းများကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly