ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (၂)

01 October 2016
ပင်းတယမြို့ရဲ့ အသည်းနှလုံးများ (၂)

ဈေးရုံကြီး ပတ်ပတ်လည်တလျှောက် ဈေးရောင်းနေကြတဲ့ ဈေးတန်းကြီးကိုလည်း တစ်ပတ်ပြည့်အောင် ပတ်ပြီးပါပြီ။ ဒီဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ စကားပြောလိုက်ရလို့လည်း တကယ့်ကို ပျော်ရွှင်မိပါတယ်။ ဒီကမပြန်ခင် ဈေးရုံထဲကိုလည်း ဝင်ကြည့်ချင်ပါသေးတယ်။

ဈေးရုံပတ်ပတ်လည်ကိုလည်း ပတ်ပြီးပါပြီ။ ဈေးထဲမှာ သိပ်ပြီးတော့ မမြင်ဘူးတဲ့ ထူးထူးဆန်းဆန်း အရာတွေလည်း ဝယ်ခဲ့ပြီးပြီ။ အခု မနက်စာစားချိန် ရောက်နေပါပြီ။  ဒါကြောင့်မို့ ဒီဈေးထဲမှာ ဘယ်ဆိုင် နာမည်ကြီးသလဲ ဘယ်ဆိုင်မှာကောင်းသလဲ၊ ဘယ်ဆိုင်မှာ ရိုးရာ အစားအစာတွေ ကောင်းသလဲဆိုပြီး မေးကြည့်တော့ မေးကြည့်တဲ့သူတွေက ဒီဆိုင်လေးကို ညွှန်းတယ်။ ပြောလိုက်တဲ့အတိုင်းပဲ ဒီဆိုင်က အရမ်းနာမည်ကြီးပါတယ်လို့ ပြောလိုက်တဲ့အတိုင်းပဲ  ရောက်တဲ့အချိန်မှာလည်း ဒီဆိုင်မှာ စားသုံးတဲ့သူတွေက ပြည့်နေပါတယ်။ နေရာရအောင်တောင် ခဏစောင့်လိုက်ရပါသေးတယ်။ 

အမရေ ဒီမှာ ဘာတွေရလဲ။

“တို့ဟူးသုတ်၊ တို့ဟူးကြော်”

ဒီဆိုင်ကတော့ ပင်းတယမှာ နာမည်ကြီးဆိုင်လို့ ပြောကြပါတယ်။ ပြီးတော့ ဆိုင်ပတ်ပတ်လည်မှာ ချထားတဲ့ ခုံတွေမှာလည်း လူတွေက အပြည့်ပဲ။ ဈေးရောင်းဖို့ လာတဲ့သူတွေရော ဈေးဝယ်ဖို့ လာတဲ့သူတွေရော ထမင်းထုတ်လေးတွေ အိမ်ကနေ ထုတ်ယူလာပြီးတော့ ဒီဆိုင်မှာ လာစားကြပါတယ်။ ဒီဆိုင်ကတော့ တို့ဟူးတစ်မျိုးတည်းပဲ ရတာပါ။ တို့ဟူးအစိမ်းသုတ်၊ တို့ဟူး အကြော်သုတ်၊ တို့ဟူးကြော်၊ တို့ဟူးနွေး၊ တို့ဟူး တစ်မျိုးတည်းပေမယ့် တို့ဟူး အမျိုးမျိုးလုပ်ထားတာပါ။

ဒါကတော့ တို့ဟူးကြော်သုတ်ပါ။ သူကတော့ အရည်စပ်စပ်ကလေးနဲ့ပါ။ ဒီထဲမှာ ဘာအရည်စမ်းထားတာလဲရှင့်။

ကြက်သွန်ဖြူရည်နဲ့ မန်ကျည်းသီးကို ဖျော်ထားတဲ့အရည်နဲ့ စမ်းထားတာပါ။

ဒါကတော့ တို့ဟူးကြော်ပါ။ တို့ဟူးကြော် စားဖို့အတွက် အချဉ်ပန်ကန်လေးပါပါတယ်။ အချဉ်ထဲမှာတော့ ကြက်သွန်၊ နံနံပင်လည်း ပါတယ်။ ဆီတွေလည်းပါတယ်။ ပြီးတော့ ဒီမှာ ဝါဝါအနှစ်လေးတွေလည်း တွေ့ရတယ်။

ပဲအချဉ်ပါတဲ့။ ပဲကို အချဉ်တည်ပြီးတော့ အဓိက လုပ်ထားတာပါတဲ့။ တို့ဟူးကြော်ရဲ့ ဆိမ့်တဲ့အရသာလေးရယ် တို့ဟူးအချဉ်ရဲ့ ချဉ်ဆိမ့်ဆိမ့် အရသာလေးတွေက တော်တော်လေးကို လိုက်ဖက်ပါတယ်။ ဒီဘက်က တို့ဟူးသုတ်ကတော့ အချဉ် အငံ အစပ် အရမ်းကဲနေတာမျိုး မရှိဘူး။ အဓိက တို့ဟူးကြော်ရဲ့ ဆိမ့်တဲ့အရသာလေးကို ကြက်သွန်ဖြူအရည်၊ မန်ကျည်းနှစ်အရည် ခပ်ပါးပါးလေးပဲ ဆမ်းထားတာပါ။ တကယ် အရသာက မပြင်းဘူး။ အဓိကက တို့ဟူးရဲ့အရသာကိုပဲ ပေါ်နေအောင် သုတ်ထားတာပါ။ တို့ဟူးလေးက မွှေးလည်းမွှေးတယ်။ ဆိမ့်လည်းဆိမ့်တယ်။ ပြီးတော့ ပူပူနွေးနွေးလေးနဲ့ စားလို့လည်း ကောင်းပါတယ်။

ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး)ကတော့ ပင်းတယမြို့ကို အခုလို မိတ်ဆက် သဘောပြောပေးခဲ့ပါတယ်။

“ပင်းတယရဲ့ အသည်းနှလုံးပေါ့နော်။ (၁) ရွှေဥမင်ဘုရား၊ ရွှေဥမင်ဘုရားက အင်မတန်အရေးကြီးတဲ့ ပင်းတယရဲ့ သမိုင်းဝင် ဘုရားပါ။ (၂) ပုန်းတလုတ်ကန်၊ (၃) ညောင်ပင်ကြီးတွေ နှစ်ကို ရာနဲ့ချီပြီးတော့ ရှိတဲ့ ညောင်ပင်ကြီးတွေပါ။ အဲဒါတွေက ဟိုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာတွေပါ။ အခု လောလောဆယ်မှာတော့ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ပေါ့နော်။ ပင်းတယသူ ပင်းတယသားတွေ အမြတ်တနိုးထားတဲ့ အရာတွေပေါ့။ ”

မျက်စိတဆုံး မော့ကြည့်နေရတဲ့ ညောင်ပင်ကြီးတွေ သက်တမ်း ၂၀၀ လောက်ရှိပြီဖြစ်တဲ့ ညောင်ပင်အိုကြီးတွေ ဒီလို အကိုင်းအခက်တွေ လိမ်ယှက်နေတာကပဲ ညောင်ပင်ကြီးတွေကို ပိုလှစေတာလားဆိုပြီး ထင်မိပါတယ်။ အခုမြင်နေရသလို သဘာဝအတိုင်း ခက်ဖြာလှပပြီး ကြီးမားလှတဲ့ ညောင်ပင်တန်းကြီးဟာ ပင်းတယမြို့ရဲ့ အသည်းနှလုံးတွေပါတဲ့။ ညောင်ပင်တွေဟာ ကြီးမားလှသလို ညောင်ကိုင်းကြီးတွေကလည်း ကြီးမား တုတ်ခိုင်လွန်းလှပါတယ်။ တချို့ကိုင်းတွေဆိုရင် မြေကို ထိလုထိခင် ဖြစ်နေပါတယ်။ ဓာတ်ပုံတွေထဲ ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရလေ့ရှိတဲ့ ညောင်ပင်လှလှကြီးတွေကတော့ ဒီနေရာပါပဲ။ ဒီညောင်ပင်ကြီးတွေက အရိပ် ကောင်းကောင်းပေးခဲ့တယ်။ ခရီးသွားတွေကို ဆွဲဆောင်မှုပေးခဲ့တယ်။ ပြီးတော့ တပေါင်းလမှာ ပြုလုပ်တဲ့ ရွှေဥမင်ဂူဘုရားပွဲဆိုရင် ဘုရားဖူးတွေဟာ ဒီညောင်ပင်ကြီးတွေအောက်မှာ နားကြရတယ်။ နွားလှည်းတွေ၊ ကားတွေနဲ့လာတဲ့ ဈေးသည်တွေကလည်း ဒီညောင်ပင်ကြီးတွေအောက်မှာပဲ စတည်းချကြတယ်။ ရွှေဥမင် ဘုရားပွဲဆိုရင် ဒီညောင်ပင်တန်းကြီးတွေက အစည်ကားဆုံး နေရာပါပဲ။ ညောင်ပင်ကတော့ ရွှေဥမင်ဘုရား တောင်ခြေမှာတည်ရှိနေတာပါ။

အခုတော့ ပင်းတယမြို့ရဲ့ နောက်ထပ် အသည်းနှလုံး တစ်ခုဖြစ်တဲ့ ရွှေဥမင် ဂူဘုရားကို အရင်သွားလိုက်ပါဦးမယ်။ အရင်ကတော့ ရွှေဥမင်ဘုရားကို လှေကားစောင်းအတိုင်း တက်ကြရတာပါ။ အခုတော့ တောင်ထိပ်အထိ ကားလမ်းပေါက်နေပါပြီ။

ရွှေဥမင် လှိုဏ်ဂူဘုရားကြီးက ပင်းတယမြို့ကို စပြီးတော့ ဝင်လိုက်ပြီဆိုတာနဲ့ တောင်ပေါ်မှာ သပ္ပါယ်စွာနဲ့ တည်ရှိနေတာကို တွေ့ရပါတယ်။

ပင်းတယမြို့လို့ ဆိုလိုက်တာနဲ့ ရာဇဝင်လား ရွှေဥမင်လှိုဏ်ဂူနဲ့ ပုန်းတလုတ်ရေကန်ကြီးကို အရင်ဆုံး လှမ်းမြင်မယ်လို့ ထင်ပါတယ်။ တကယ်တော့ ပင်းတယမြို့ဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၃၈၀၀ ကျော်အထက်မှာ တည်ရှိနေတဲ့ မြို့ပါ။ ရွှေဥမင်လှိုဏ်ဂူကတော့ ပင်းတယမြို့ထက် မြင့်တဲ့နေရာမှာ တည်ရှိနေပါတယ်။ ပြီးတော့ ဒီလှိုဏ်ဂူတော်မှာ ဂူပေါက် သုံးခုရှိပြီး တောင်ဘက်ဆုံး ဂူဘက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီနေရာဟာ ပြည်တွင်းပြည်ပ ဘုရားဖူးတွေ အများဆုံး လာရောက်ကြတဲ့ နေရာလို့လည်း ပြောကြပါတယ်။ ဘုရားဖူးတွေ ဂူဆီကို တက်ဖို့အတွက် စောင်းတန်းလေးတွေကိုလည်း တွေ့ရပါတယ်။ လှေကားနဲ့ တက်လို့ အဆင်မပြေတဲ့သူတွေကိုလည်း ဓာတ်လှေကားနှစ်ခု လုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒီဓာတ်လှေကားတွေ ကွယ်နေလို့ အပေါက်ဝကို လှမ်းမမြင်နိုင်ဘူးလို့တော့ ထင်မိပါတယ်။ ဒီဂူဝက အရင်က ၆ ပေပဲ ကျယ်တယ်လို့ ပြောကြပါတယ်။ အခုတော့လည်း ဂူပေါက်ဝကို ထပ်ချဲ့ထားလို့ တော်တော်လည်း ကျယ်နေပါပြီ။ ဂူထဲမှာတော့ ရှေ့ဟောင်း ဘုရားတွေနဲ့အတူ နှောင်းပိုင်းလက်ရာလို့ ပြောနိုင်တဲ့ ဘုရားဆင်းတုတော်တွေ အများကြီး ရှိပါတယ်။ ဒီဘုရားတွေကို အသောကမင်းကြီးက တည်ထားခဲ့တာဖြစ်ပြီးတော့ ပုဂံခေတ်မှာ အလောင်းစည်သူမင်းကြီးက ပြန်လည်ပြုပြင်ခဲ့တယ်လို့ သမိုင်းစာအုပ်တွေထဲမှ သိ၇ပါတယ်။ ဒါပေမယ့် သမိုင်းပညာရှင်တွေကတော့ ၁၈ ရာစုလက်ရာ ဗုဒ္ဓရုပ်ပွားတော်တွေလို့ အထောက်အထားတွေနဲ့ ပြောထားကြပါတယ်။ ဘယ်လိုသမိုင်းကြောင်းတွေပဲ ရှိနေပါစေ ဘုရားဖူးဧည့်သည်တွေကတော့ ရွှေဥမင်ဂူဘုရားကို တကူးတက လာဖူးနေကြတာ တွေ့ရပါတယ်။

ပြီးတော့ ဒေသထွက် အမှတ်တရပစ္စည်းတွေရောင်းတဲ့ ဆိုင်တန်းတွေ ပင်းတယကနေ အိမ်ပြန်လက်ဆောင် ဘာဝယ်သွားရင်ကောင်းမလဲ၊ ဆိုင်လေးတွေမှာတော့ ဒေသထွက် အစားအစာတွေကိုတော့ အမြည်းအနေနဲ့ ကျွေးထားကြတယ်။ စကားသံ ဝဲဝဲလေးတွေနဲ့လည်း ဖိတ်ခေါ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required