Miss Global Beauty Queen 2016 အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ် ဆိုတဲ့ နီနီမင်းသူ

Miss Global Beauty Queen 2016 အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ် ဆိုတဲ့ နီနီမင်းသူ

အောက်တိုဘာ ၁။ ရန်ကုန် ။                     ။ အောက်တိုဘာလတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကျင်းပပြုလုပ်မည့် Miss Global Beauty Queen 2016 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် မော်ဒယ်လ် နီနီမင်းသူက အဆိုပါ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် ပြိုင်ပွဲနှင့် ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိကြောင်း ပြောပါတယ်။

“ ဒီပြိုင်ပွဲက ညီမ အတွက် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပွဲပါ။ အခုဆိုရင်တော့ ပြိုင်ပွဲအတွက် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ အရင်ကလည်း ပြိုင်ထားဖူးတော့ အဲဒီပွဲက အတွေ့အကြုံတွေနဲ့ အခုပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ အကောင်းဆုံး ရလဒ်တွေ အတွက်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်” လို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် နီနီမင်းသူက ပြောပါတယ်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း လေးဆယ်ကျော်မှ ကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ညနေခင်းအလှဝတ်စုံ၊ ရေကူးဝတ်စုံ၊ နိုင်ငံရဲ့ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ယှဉ်ပြိုင်ခြင်းများ အပါအဝင် Talent လို့ ခေါ်တဲ့ ကိုယ်ပိုင်အရည်အသွေးပြသပြီး  ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲများလည်း ပါဝင်ကြောင်း သိရပါတယ်။

“ ညီမရဲ့ National Costume ကို ဒီဇိုင်နာ လတ်လတ် ချုပ်ပေးတာဖြစ်ပြီး Evening Ground နဲ့ talent မှာပြိုင်မယ့် ရုပ်ကြီးစင်အကအတွက်ကိုတော့ ဒီဇိုင်နာ ကိုမျိုးမင်းစိုးက ချုပ်ပေးထားတာပါ။   မြန်မာဆိုတာကို ကမ္ဘာက သိအောင် နောက်ပြီးတော့ ဘာသာစကားပဲ ဖြစ်ဖြစ်၊ ကျွမ်းကျင်မှုနဲ့ Personality ပိုင်းမှာလဲ မြန်မာတွေ တော်တယ်ဆိုတာကို သိအောင် ပြချင်ပါတယ်” လို့ ထပ်မံ ပြောပါတယ်။
နီနီမင်းသူက ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss Bikini Universe 2015 ကိုလည်း သွားရောက်ယှဉ်ပြိုင်ထားသူဖြစ်ပါတယ်။ ယခု Miss Global Beauty 2016 ပြိုင်ပွဲကို   မြန်မာနိုင်ငံ ကိုယ်စားပြုအနေနှင့် ဒုတိယအကြိမ်မြောက်နိုင်ငံတကာပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပြီး အောက်တိုဘာ လေးရက်နေ့တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

ရက်ပေါင်း ၂၀ ကျော် ကိုးရီးယားနိုင်ငံရဲ့ ဓလေ့စရိုက်နဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကို လေ့လာပြီးတဲ့ နောက်မှာတော့  ဖိုင်နယ်ပွဲစဉ်ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အောက်တိုဘာ ၂၆ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် အွန်လိုင်းမှ မဲပေးစနစ်( Internet Voting System) ဖြင့် ရွေးချယ်တဲ့ Popular Choice ဆုလည်း ချီးမြှင့်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အား ပြိုင်ပွဲ၏ တရားဝင် FB page တွေမှာဝင်ရောက် မဲပေးနိုင်ကြောင်း ထပ်မံ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required