သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင် မပြိုင်မှာ စဉ်းစားနေဆဲဟုဆို

သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင် မပြိုင်မှာ စဉ်းစားနေဆဲဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၄ ။      ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယသက်တမ်းအတွက် ဝင်ရောက် မယှဉ်ပြိုင် ဆိုသော သတင်း မှာ  မှန်ကန်ခြင်းမရှိဘဲ စဉ်းစားနေဆဲ အခြေအနေသာ ဖြစ်သည်ဟု  နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောကြားသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၈ တွင် ပြုလုပ်ရန်စီစဉ်ထားသော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင်၁၃ တွင် ပြောကြားခဲ့သည်ဟု နိုင်ငံခြား သတင်းဌာန အချို့ ကဖော်ပြထား ခဲ့သော်လည်း ယင်းသတင်းမှာ မှန်ကန်ခြင်း မရှိဘဲ သမ္မတ က စဉ်းစားနေဆဲ အခြေအနေ တွင်သာ ရှိသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ သတင်းတွင် သမ္မတ ဦးသိန်းစိန်သည် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ စာပို့သည်ဟု ဖော်ပြထားသည်။

သို့သော်လည်း ယင်းစာနှင့် ပတ်သက်ပြီး မည်သို့ ထွက်ပေါ်လာသည် မသိဟုလည်း ဦးဇော်ဌေးက ဆိုသည်။

လာမည့် သက်တမ်းတွင် သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ မယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “ နံပါတ် ၁ တိုင်းပြည် အခြေအနေ။ နံပါတ် ၂ ပြည်တွင်း နိုင်ငံရေး အခြေအနေ။ နံပါတ်သုံး ပြည်သူ လူထု ပေါ့နော်။ အဲဒီအခြေ အနေတွေပေါ်မူတည်ပြီး ဆုံးဖြတ်မယ်။ အဲဒီအတိုင်းပါပဲ” ဟု ဆိုသည်။

“ အဲဒီ အခြေအနေ သုံးရပ်ပေါ် မူတည်ပြီးပဲ ဆုံးဖြတ်မယ်။  လက်ရှိ အခြေအနေက စဉ်းစားဆဲ လို့ပဲ ပြောလို့ ရမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လာမည့် သက်တမ်းတွင် ဝင်ရောက်ယှဉ်ပြိုင် မယှဉ်ပြိုင်ကိုမူ နိုင်ငံတော် သမ္မတ က အချိန်တန်လျှင် ထုတ်ပြန်မည်ဟုလည်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ် မခံတော့ဟု သူရဦးရွှေမန်းက ပြောဆိုခဲ့သေးပြီး ၎င်းကို လည်းပြန်လည်ငြင်းဆို ခဲ့သေးသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂျပန် သတင်းဌာနတစ်ခုနှင့် တွေ့ဆုံစဉ် ပြည်သူလူထု ဆန္ဒရှိပါက ဒုတိယ သက်တမ်းတွင် ပြန်လည် အရွေးချယ်ခံမည်ဟု ပြောကြားခဲ့သေးသည်။

ယင်းနောက် ဇူလိုင် ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကျောက်တန်းမြို့သို့ တံတားဖွင့်ပွဲ တစ်ခုသို့ သွား ရောက်ခဲ့ရာ သမ္မတ ဦးသိန်းစိန်ကို နောက်သက်တမ်းတွင် ပြန်လည် လုပ်ဆောင်ရန် ဒေသခံများက ဆန္ဒဖော် ထုတ်မှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။

လက်ရှိ အချိန်ထိမူ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း စာရင်းတွင် သမ္မတ ဦးသိန်းစိန် မပါဝင်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ကန်ပက်လက် မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် သူရဦးအောင်ကိုက ဇူလိုင် ၁၃ ရက်တွင် ပြောဆိုထားသေးသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ပါတီ ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ (ဂ) အရ ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်ဟု ပါဝင်သည်။

အဆိုပါ ဒုသမ္မတ သုံးဦးမှ တစ်ဦးကို နိုင်ငံတော် သမ္မတ အဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်ဟုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၆၀ (င) တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly