အူဘာမီယန်း၏ သားကို ပျော်ရွှင်စေခဲ့သည့် စီရော်နယ်ဒို

အူဘာမီယန်း၏ သားကို ပျော်ရွှင်စေခဲ့သည့် စီရော်နယ်ဒို
 

စက်တင်ဘာ ၃၀ ။              ။ ဒေါ့တ်မွန်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ့တ်မွန်နဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အူဘာမီယန်းက ဒေါ့တ်မွန်အတွက် တစ်ဂိုးသွင်းခဲ့သလို စီရော်နယ်ဒိုကလည်း ရီးယဲလ်အတွက် တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စီရော်နယ်ဒိုဟာ အူဘာမီယန်းရဲ့သားကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အကြောင်းကတော့ သူပွဲကစားခဲ့တဲ့ ဂျာစီကို အူဘာမီယန်းဂျူနီယာလေးကို စီရော်နယ်ဒိုက လက်ဆောင်ပေးအပ်ခဲ့တာပါပဲ။

အဖေတူသားလေး အူဘာမီယန်းဂျူနီယာဟာ စီရော်နယ်ဒိုရဲ့ဂျာစီကို ရရှိခဲ့လို တကယ်ကို ပျော်ရွှင်နေတာ သူ့ရဲ့ မျက်နှာမှာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် အဖေကြီးအူဘာမီယန်းလည်း စိတ်ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ်။

ပြီးတော့ ဒီအဖြစ်အပျက်ကို အူဘာမီယန်းက တွစ်တာမှာ ‘စီရော်နယ်ဒိုရေ မင်းက ငါ့သားကို ပျော်အောင် လုပ်ပေးခဲ့တယ်ကွာ’ လို့ စာရေးပြီး စီရော်နယ်ဒိုဂျာစီကိုကိုင်ထားတဲ့ သူ့သားပုံကို တွဲတင်ခဲ့ပါတယ်။

ယခုနှစ်ရာသီ မစတင်မီက ရီးယဲလ်အသင်းဟာ အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ အူဘာမီယန်းက ဒေါ့တ်မွန်နဲ့စာချုပ်သစ်ချုပ်ပြီး ဂျာမနီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရီးယဲလ်ကို ပြောင်းရွှေ့ခွင့်ဆိုတာ အလွန်ကောင်းတဲ့ အခွင့်အရေးလို့ အူဘာမီယန်းက ဝန်ခံခဲ့သလို စီရော်နယ်ဒိုဟာ ပြင်ပလောကမှာ တကယ့်လူကောင်းတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required