မန္တလေးတိုင်း အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၃ ရက် အပြီးသတ်ရွေးမည်

မန္တလေးတိုင်း အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၃ ရက် အပြီးသတ်ရွေးမည်

မန္တလေးတိုင်းဒေသကြီးအတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ မြို့နယ်အသီးသီးက ပါတီ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လ ၂၃ ရက်တွင် အပြီးသတ်ရွေးချယ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ ပေးပို့သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးတင်ကိုကိုက ပြောသည်။

ထိုသို့ ပါတီကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန်အတွက် NLD မြို့နယ်ရုံးများသို့ ကိုယ်စားလှယ်လောင်း များ လျှောက်ထားရန် ဇူလိုင်လ ၁၂ ရက်ကပင် အကြောင်းကြားစာများ ပေးပို့ထားခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး NLD ပါတီ အဖွဲ့ချုပ် သို့ နောက်ဆုံးထား တင်သွင်းပေးရမည်ဖြစ်သည်။

“မြို့နယ်အလိုက် တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျွန်တော်တို့ တိုင်းအလုပ်မှုဆောင်အဖွဲ့ နဲ့အောင်နိုင်ရေးအဖွဲ့ ကစိစစ်ပြီး ဗဟိုကို တင်ပေးရမယ်။ အဲဒီကမှ အတည်ပြုပေးမှာပါ။ မြို့နယ်တိုင်းက တင် သလောက် ကိုယ်စားလှယ်လောင်းတွေ ကိုလက်ခံသွား မယ်။ အဲဒီအထဲကမှ ဖြစ်နိုင်တဲ့သူ စည်းကမ်းတွေနဲ့ ကိုက် ညီတဲ့သူတွေကို ကျွန်တော်တို့ က စိစစ်မယ်။

ကျွန်တော်တို့ စစ်ပြီးသားကို ဗဟိုက ပြန်စစ်ပြီး အတည်ပြုပေးမှာပဲ” ဟု ဦးတင်ကိုကို ကပြောသည်။

မြို့နယ်အတွင်း ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း မြို့နယ်အလုပ်မှုဆောင် အဖွဲ့နှင့် အောင်နိုင်ရေးအဖွဲ့တို့က စိစစ်ရွေးချယ်၍ တိုင်း NLD အဖွဲ့ချုပ်သို့ တင်သွင်းပေးရခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော် အပါအဝင် မြို့နယ် ၂၈ မြို့နယ်၌ ဝင်ရောက် အရွေးခံသွား မည်ဟု ဦးတင်ကိုကိုက ဆိုသည်။

“ကျွန်တော်တို့ ၂၈ မြို့နယ်စလုံး ဝင်ရောက် အရွေးခံသွားမယ်။ နေပြည်တော်ကိုတော့ ဘယ်လို စီမံမယ် ဆိုတာ မသိရသေးဘူး။ ဗဟိုက ညွှန်ကြားလာတဲ့အတိုင်း လုပ်သွားမယ်” ဟု ဦးတင်ကိုကို က ပြောသည်။

ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဗဟိုက စိစစ်အတည်ပြုပြီးပါက မန္တလေးတိုင်း အတွင်းတွင် သတင်းထုတ်ပြန်ပေး သွားမည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားလွှတ်တော်၊ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များ၏ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁,၁၅၈ နေရာတွင် ဝင်ရောက် အရွေးခံသွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly