နယူးဂျာစီမှာ ရထား မတော်တဆ တိုက်မှုဖြစ်ပွား၊ လူတစ်ဦး သေဆုံးပြီး အနည်းဆုံး (၇၅) ဦး ဒဏ်ရာရ

နယူးဂျာစီမှာ ရထား မတော်တဆ တိုက်မှုဖြစ်ပွား၊ လူတစ်ဦး သေဆုံးပြီး အနည်းဆုံး (၇၅) ဦး ဒဏ်ရာရ
(ဓာတ်ပုံ - အီးပီအေ)

စက်တင်ဘာ ၂၉ ရက် ကြာသပတေးနေ့က အမေရိကန်နိုင်ငံ၊ နယူးဂျာစီရှိ ဟိုဘိုကန်ဘူတာရုံမှာ မီးရထားတစ်စီးဟာ ရပ်တန့်မရတော့ဘဲ ဘူတာရုံကို ဝင်တိုက်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး (၇၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

လူအများအပြားကတော့ အလွန်စိုးရိမ်ရတဲ့ အနေအထားမှာရှိကြောင်း နယူးဂျာစီပြည်နယ် အစိုးရအုပ်ချုပ်ရေးမှူး ခရစ် ခရစ်တိုက်က ပြောပါတယ်။

ကနဦးသတင်းများအရ အဆိုပါ မတော်တဆဖြစ်မှုမှာ လူ (၃) ဦး သေဆုံးပြီး ဒဏ်ရာရသူ (၂၀၀) ပတ်ဝန်းကျင်ရှိကြောင်း အရေးပေါ်ဝန်ဆောင်မှုများက ဆိုပါတယ်။

ဒေသစံတော်ချိန် နံနက် ၈း၄၅ နာရီဝန်ကျင်မှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းကိုမှု မသိသေးပေမယ့် ရည်ရွက်ချက်ရှိရှိ ပြုလုပ်ပုံမရဘဲ "ကြေကွယ်ဖွယ်ရာ မတော်တဆ" ဖြစ်ပွားမှုသာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ မတော်တဆဖြစ်မှုရဲ့ ဖြစ်နိုင်မယ့် အကြောင်းတရားများကို စုံစမ်းစစ်ဆေးရန် လိုအပ်ပါတယ်။ ရထားဟာ မြန်နှုန်းမြင့်နဲ့ မောင်းနှင်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ အဆင့်ကို မြင်တွေ့နိုင်ပါတယ်။"လို့ ခရစ်တိုက်က ပြောပါတယ်။

ရထားက ရပ်တန့်လို့မရတော့ဘဲ ဘူတာရုံရှိ ကွန်ကရစ်တုံးကို ဝင်တိုက်ခဲ့ပြီးနောက် အပေါ်ကို ထောင်တက်သွားကာ ဘူတာရုံအမိုးကို တိုက်မိပြိုကျခဲ့တာဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required