ငါးလအတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် သြစတြေးလျ အမျိုးသားတစ်ဦး လိင်အင်္ဂါကို အဆိပ်ပြင်းပင့်ကူ အကိုက်ခံရ

ငါးလအတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် သြစတြေးလျ အမျိုးသားတစ်ဦး လိင်အင်္ဂါကို အဆိပ်ပြင်းပင့်ကူ အကိုက်ခံရ

စက်တင်ဘာ ၂၈ ။             ။ သြစတြေးလျနိုင်ငံမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ လိင်အင်္ဂါကို အဆိပ်ပြင်းပင့်ကူ အကိုက်ခံရသည့် ဖြစ်စဉ် နှစ်ကြိမ်အထိ တွေ့ကြုံခဲ့ရသည်ဟု သိရသည်။ ၎င်းသည် လွန်ခဲ့သည့် ငါးလက တွေ့ကြုံထားခဲ့ရပြီး ယခုအခါ ဒုတိယ အကြိမ်မြောက်အဖြစ် အလားတူ အဖြစ်မျိုး ထပ်မံ ကြုံတွေ့ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျော်ဒန်ဆိုသူ အမျိုးသားသည် စက်တင်ဘာ ၂၇ ရက်က ရွှေ့ပြောင်း၍ ရသည့် အိမ်သာထဲ ရှိနေစဉ် လိင်အင်္ဂါကို အဆိပ်ပြင်းပင့်ကူက ကိုက်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါ ဖြစ်စဉ်မျိုး ပြီးခဲ့သည့် ငါးလကလည်း ကြုံတွေ့ထားရသူဖြစ်ရာ ယခု နောက်တစ်ကြိမ်ထပ်မံ ပင့်ကူအကိုက်ခံရပြန်သဖြင့် ကံမကောင်းလှသူ တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ပို၍ ဆိုးသည်က ယခင်တစ်ကြိမ်ကလည်း ထိုကဲ့သို့ အိမ်သာထဲ ရှိနေစဉ်မှာပင် အကိုက်ခံထားခဲ့ရခြင်းဖြစ်သည်။

" ဒီနိုင်ငံမှာ ကျွန်တော်ပဲ ကံအဆိုးဆုံးလူဖြစ်နေပါပြီ" ဆိုပြီး ၎င်းက ဘီဘီစီသို့ ပြောကြားသွားသည်။

" ကျွန်တော် အိမ်သာထဲ ဝင်ထိုင်နေတုန်း စူးကနဲ ဖြစ်သွားတယ်၊ ပထမတစ်ကြိမ် ပင့်ကူ အကိုက်ခံ ထားရတုန်း ကလိုပဲလေ၊ အဲဒါနဲ့ပဲ ကြည့်လိုက်တော့ ယုံတောင် မယုံနိုင်စရာပဲ၊ ကျွန်တော်ငုံ့ကြည့်လိုက်တော့ ကမုတ်နှုတ်ခမ်းပေါ်မှာ ပင့်ကူခြေထောက်တွေကို တွေ့လိုက်ရတော့တာပဲ" ဟု ၎င်းက ဖွင့်ဟသွားသည်။

ပထမတစ်ကြိမ် အကိုက်ခံရပြီး ကတည်းက ထိုကဲ့သို့ ရွေ့လျားအိမ်သာများကို အသုံးပြုဖို့ မရဲတော့သည့် စိတ်ဖြစ်နေခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ " အမှန်က ပထမတစ်ကြိမ် အကိုက်ခံထားရ ကတည်းက ဒီအိမ်သာတွေ မသုံးချင်တော့ပါဘူး၊ အိမ်သာတွေက မနက်ပိုင်း သန့်ရှင်းရေး လုပ်ထားတတ်တော့ ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့မိပါဘူး၊ ကျွန်တော်ကလည်း မှားတာပါ၊ အသုံးမပြုခင် သေချာကြည့်ရမှာကို မကြည့်လိုက်မိဘူး" ဟု ၎င်းက ဆိုသည်။

ဂျော်ဒန်သည် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပင့်ကူအကိုက်ခံရပြီးပြီးချင်း ၎င်း၏ လုပ်ဖော်ကိုင်ဘက်တစ်ဦးက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ယခုအခါ ၎င်းမှာ ဆေးရုံမှပင် ပြန်လည်ဆင်းလာခဲ့ပြီး မကြာခင် အလုပ်ပြန်ဆင်းနိုင်တော့မည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required