ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အမေရိကန်က ကချင်လူထုနှင့်အတူ ရပ်တည်မည်ဟု ကန်သံအမတ်ကြီး ပြော

ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အမေရိကန်က ကချင်လူထုနှင့်အတူ ရပ်တည်မည်ဟု ကန်သံအမတ်ကြီး ပြော
ဓာတ်ပုံ - ခွန်းအောင်

ချင်းမိုင်၊ စက်တင်ဘာ ၂၈   ။             ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် ကချင် လူထုနှင့်အတူ ရပ်တည်မည်ဟု အမေရိကန်သံအမတ် ကြီး  Scot Marcielက ပြောဆိုခဲ့သည်ဟု ကချင်အတိုင်ပင်ခံကောင်စီ(WMR)မှ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

သံအမတ်ကြီးသည် စက်တင်ဘာလ ၂၇ ရက် ညနေ ၅ နာရီမှ ၇ နာရီခွဲထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနော ကွင်း ရှိ မဂျွယ်ခန်းမတွင် ကချင်ပြည်သူလူထုများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ စုစုပေါင်း ၃၀၀ ကျော်နှင့် တွေ့ ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီးက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လျော့ချပေးမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ပြီး ကချင်ပြည်သူလူထုက ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန်ပေးရန် အစိုးရနှင့် တွေ့ဆုံပါက တင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း ဦးဂမ်အောင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ကချင်ပြည်သူလူထုတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဘဲ လိုချင်တယ်။ နှစ်ပေါင်းများစွာရှိနေပြီ စစ်တပ်က ငြိမ်းချမ်းရေးပြောပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ ဒါကြောင့် မယုံတော့ဘူးဆိုတာတွေ တင်ပြခဲ့တယ်။ သံအ မတ်ကတော့ ပြန်တင်ပြပေးပါ့မယ်၊ လွန်ခဲ့တဲ့အချိန်မှာလည်း ငြိမ်းချမ်းရေးကို လုပ်ဆောင်ခဲ့တယ်။ အခုလည်း ဆက်ပြီး တော့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ အမေရိကန်က နောက်ကနေနဲ့ ပြည်သူ လူထုနဲ့ အတူ ရပ်တည်မယ်ဆိုတာ ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကချင်နှစ်ခြင်း ခရိယာန်အဖွဲ့ချုပ်(KBC)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင်လည်း စစ်ပြေးဒုက္ခသည်များအ တွက် သွားရောက်လှူဒါန်းမည့် ဆေးဝါးများ ယခုချိန်ထိ ဖြတ်သန်းခွင့်မပြုမှုနှင့် ပတ်သက်၍ အမေရိကန် သံအမတ် ကြီး အား တင်ပြခဲ့ရာ သူ့အနေဖြင့် နေပြည်တော်တွင် သက်ဆိုင်ရာ အာဏာပိုင်များသို့ ပြန်လည် တင်ပြမည်ဟု ပြောဆိုခဲ့ ကြောင်း KBC မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

 “ မြန်မာပြည်ရဲ့ ဆန်ရှင်တွေကို ဆက်ထားသင့်ရင်လည်း ဆက်ထားဖို့ ရှိတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြတယ်။ ပြီးရင် ဒီက တိုက်ပွဲတွေ ဖြစ်နေတာကို စိတ်မကောင်းဘူး၊ ငြိမ်းချမ်းရေးပြောနေပေမဲ့ တိုက်ပွဲဖြစ်နေတာကို သူသိတော့ စိတ်မ ကောင်းဘူး ဆိုတဲ့အကြောင်း၊ အိုင်ဒီပီကို သွားကြည့်တော့ လိုအပ်တာတွေ သူနားလည်ရတယ်ဆိုတာတွေ ပြောတယ်။ လူသားခြင်း စာနာထောက်ထားမှုနဲ့ ထောက်ပံ့ မယ် ဆိုတာ ကတိမပေးပေမဲ့ သူကတော့ အများကြီး စိတ်မကောင်း ဘူး  ပေါ့နော်။ အဲဒါကို သူက ဖြစ်နိုင်တဲ့ ဘက်ကနေ ကြိုးစားမယ်ဆိုတာတော့ ပြောတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က မဇ္ဈိမကို ပြောသည်။

သံအမတ်ကြီးသည် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ လုပ်ငန်းအခြေအနေများကို လာရောက် ကြည့်ရှုကာ စစ်ပြေး ဒုက္ခ သည် စခန်းများသို့ သွားရောက် တွေ့ဆုံခဲ့ရာ ဒုက္ခသည်များ၏ အခက်အခဲများကို တွေ့မြင်ခဲ့ရသဖြင့် စိတ်မကောင်းဖြစ်ရ ကြောင်းကို ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

သံအမတ်ကြီးသည် မြစ်ကြီးနားမြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်လည်း ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက်ကြာ ကချင်ခရီးစဉ်တွင် သံအမတ်ကြီးက ကချင်ပြည်နယ် အစိုးရအဖွဲ့ များ၊ လွှတ်တော်ရေးရာ ကိုယ်စားလှယ်များ၊ ကချင်လူထု အခြေပြုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required