ခန္တီးမြို့ လူစည်ကားရာ နေရာများတွင် ကျောက်မျက်ဥပဒေ ကို သိရှိစေရန် ကြေငြာထား

ခန္တီးမြို့ လူစည်ကားရာ နေရာများတွင် ကျောက်မျက်ဥပဒေ ကို သိရှိစေရန် ကြေငြာထား
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၂၈ ။                       ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် လူစည်ကားသည့် နေရာများနှင့် ကျောက်စိမ်းမှော်များတွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ပြည်သူလူထုသိရှိစေရန်အတွက် ကြော်ငြာများကပ်၍ အသိပညာ ပေးလျှက်ရှိသည်ဟု ခန္တီးမြို့နယ်၊ ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဝေက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်က ကျောက်မျက်ဥပဒေကိုအားလုံးသိစေချင်တယ်။လိုက်နာစေချင်တယ်။ဒါကြောင့် အခုလို လူစည်ကားတဲ့ နေရာတွေမှာ ဗီနိုင်းနဲ့သေချာလုပ်ပြီး အသိပညာပေးထားတယ်  "ဟု ဦးထွန်းဝေ ပြောသည်။

ထိုသို့ ကြေငြာပေးထားသည်များမှာ မကြာခဏဖျက်စီးခံနေရပြီး နန်စီပွန် ကျော်စိမ်းမှော်နှင့် မကျန်ခ ကျောက်စိမ်း မှော် ဒေသများတွင် ယနေ့ကြေငြာချက်ကပ် နောက်တစ်ရက်တွင် ဖျက်စီးခံနေရ   ခြင်းကြောင့် ထပ်မံပြုလုပ်ရန် အခက်အခဲများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်ဥပဒေတွင် " (က)ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်း၊ (ခ)ကျောက်မျက်ရတနာ အရိုင်းကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း သို့မဟုတ် စမ်းသပ်တိုင်းတာခြင်း ကျူးလွန်ကြောင်း ပြစ် မှု ထင်ရှားစီရင်ခံရလျှင် ပုဒ်မ ၄၁ အရ မည်သူမဆို  ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခု နှစ်နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 (က)ကျောက်မျက်ရတနာအရိုင်းကို ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြား ချက်များ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လက်ဝယ်ထားခြင်း သယ်ယူပို့   ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တစ် နည်းနည်းဖြင့်ရယူခြင်း လွှဲပြောင်းခြင်း  ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ပုဒ်မ ၄၂ အရ မည်သူမဆို ထောင် ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်

ထိုသို့ ကြေငြာပြီး အသိပညာပေးခြင်းကို ဇွန်လက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်ဥပဒေကို လိုက်နာခြင်းမရှိဘဲ လုပ်ကိုင်နေကြသူများအား ဖမ်းဆီးအရေးယူရန်အတွက် ရဲတပ်ဖွဲ့၊ ရွှေသတ္တု၊ မူးယစ် တပ်ဖွဲ့၊ကျောက်စိမ်းတူး ဖော်ရေးဌာန၊ခရိုင်ထွေအုပ်၊ လူဝင်မှုနှင့် သစ်တောဌာနတို့ ပါဝင်သည့် အဖွဲ့များဖြင့်ဖွဲ့ စည်း ကာ စက်တင်ဘာလ ၁၇ ရက်မှ စတင်၍ ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဦးထွန်းဝေက ဆိုသည်။

"အဖွဲ့ဖွဲ့ပြီး ဖမ်းဆီးတာတွေစနေပါပြီ။ မှော်တွေထဲ ဝင်ဖမ်းဖို့ကြတော့ အခက်အခဲရှိတယ်။ ဒါကြောင့် သယ် ဆောင် လာ နိုင် တဲ့ရေကြောင်းကပဲ စောင့်ပြီး ဖမ်းဆီးမှုတွေလုပ်နေပါတယ် "ဟု ဦးထွန်းဝေက   ပြောသည်။

စက်တင်ဘာလ ၁၇ ရက်တွင် ခန္တီးဆိပ်ကမ်းတွင် စတင်ဖမ်းဆီးရာ ကျောက်သည်ဆောင်လာသူ ၇ ဦးဖမ်းဆီးရမိခဲ့ပြီး ကျောက်မျက် ဥပဒေပုဒ်မဖြင့် အရေးယူထားသည်ဟု ၎င်းက ဆိုသည်။

ခန္တီးမြို့နယ်တွင် ကျောက်သယ်ယူလာသူများကို ဖမ်းဆီးနေခြင်းသည် ဒေသခံလက်လုပ်လက်စားများ၏ စားဝတ်နေရေး အခက်အခဲဖြစ်အောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဒေ သခံတစ်ချို့က ပြောဆိုကြသည်။

"ဖမ်းတာက ရေမဆေးကျောက်ရှာသမားတွေကိုဖမ်းတယ်။ အဖမ်းခံရသူအများစုက ဒေသခံတွေပဲ။ တကယ် မှောင်ခို သယ်နေတဲ့ သူတွေရှိတယ်။ ဒါတွေကိုကြ မဖမ်းဘူး။ ဒေသခံတွေကို အလုပ်အကိုင်အခွင့်လမ်းဖန်တီးမပေးဘဲ အခုလို ဖမ်းတာကို ကန့်ကွက်ပါတယ်" ဟု ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က ပြောသည်။

ထိုသို့ ဒေသခံများကို ကျောက်မျက် ဥပဒေဖြင့် ဖမ်းဆီးထားခြင်းကို မကျေနပ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က ခန္တီးမြို့ နယ်ဒေသခံ ထောင်ကျော်က ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly