ဆေးဝါးတုပေါင်း ကျပ်ငွေ သုံးဘီလီယံနီးပါးဖိုး ဖမ်းမိ

ဆေးဝါးတုပေါင်း ကျပ်ငွေ သုံးဘီလီယံနီးပါးဖိုး ဖမ်းမိ
၁၂ ရက်အတွင်း ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးများရှာဖွေဖမ်းမိခဲ့သည်ဟု စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး ဖမ်းမိထားသည့် ဆေးဝါးအချို့အား ခင်းကျင်းပြသထားစဉ်(ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးတုများ၊ သက်တမ်းလွန်ဆေးဝါးများအပြင် ဆေးဝါးတုထုတ်လုပ်သည့် ပစ္စည်းများ ကျပ်ငွေ ၂ ဒဿမ ၈ ဘီလီယံဖိုး (အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈ သန်း ) ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

ဆေးဝါးတုများ ဖြန့်ဖြူးရောင်းချရာတွင် ပါဝင်သည့် လူ ၁၄ ဦးအား ဖမ်းဆီးစစ်ဆေးချက်အရ ယခုလ၏ ပထမသီတင်းပတ် နှစ်ပတ်အတွင်း ဓာတုဗေဒပညာရှင် ၁၁ ဦးနှင့် ကုန်လှောင်ရုံ ၂၂ ရုံတို့အား ရဲက ဖော်ထုတ်စီးနင်းနိုင်ခဲ့သည်။

ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် ရှာဖွေမှုများလုပ်ဆောင်ရာတွင်လည်း ဆေးဝါးတုများကို အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးရမိသည့် ဆေးဝါးတုနှင့် သက်တမ်းလွန်ဆေးဝါးများကို ပြည်သူအများရှေ့တွင် ဖျက်ဆီးသွားမည်လည်းဖြစ်သည်။

နိုင်ငံအတွင်း ထိုကဲ့သို့သော ဆေးဝါးများ ပျံ့နှံ့ဖြန့်ဖြူးနေခြင်းအား အမြစ်ဖျက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများမှ အနောက်တိုင်းဆေးဝါးများ၏ ၈၅ ရာခိုင်နှုန်းနီးပါးက တင်သွင်းနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းဌာနအရ သိရသည်။

တင်သွင်းဆေးဝါးများ၏ ၅၀ ရာခိုင်နှုန်းကျော်က အိန္ဒိယမှ တင်သွင်းနေရခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ အဓိက ဆေးဝါးတင်ပို့သည့် နိုင်ငံဖြစ်ပြီး အိန္ဒိယပြီးလျှင် ထိုင်းနှင့် တရုတ်နိုင်ငံတို့က အများဆုံးတင်သွင်းသည်။

ဆေးဝါးပစ္စည်း၏ ၉၈ ရာခိုင်နှုန်းကိုလည်း အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းနေရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly