ဒေါ့တ်မွန်နှင့်သရေကျခဲ့ခြင်းမှာ လက်ခံရန် ခက်ခဲကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြော

ဒေါ့တ်မွန်နှင့်သရေကျခဲ့ခြင်းမှာ လက်ခံရန် ခက်ခဲကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြော

စက်တင်ဘာ ၂၈၊ စပိန် ။              ။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒေါ့တ်မွန်အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ရသည့် ရလဒ်မှာ ရီးယဲလ်အသင်းအတွက် လက်ခံနိုင်ရန် ခက်ခဲကြောင်း ရီးယဲလ်နည်းပြ ဇီဒန်းက ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်၏လက်ရှိချန်ပီယံ ရီးယဲလ်အသင်းသည် ဗာရာနီ၏အနိုင်ဂိုးဖြင့် သုံးမှတ်ရရှိရန် နီးစပ်နေခဲ့သော်လည်း ပွဲပြီးရန် သုံးမိနစ်အလိုတွင် ရှရယ်က ဒေါ့တ်မွန်အသင်းအတွက် ချေပဂိုးသွင်းယူပေးသွားခဲ့ခြင်း ဖြစ်သည်။

‘ကစားသမားတွေက အကောင်းဆုံးပွဲတစ်ပွဲကို ကစားပေးသွားခဲ့ကြပါတယ်။ ရလဒ်ကတော့ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီထက်ထိုက်တန်ပါတယ်။

ပွဲပြီးဖို့ သုံးမိနစ်အလိုမှာ ဂိုးပြန်ပေးလိုက်ရတာက အဆုံးမှာ နာကျင်စေပါတယ်။ အထူးသဖြင့် ကစားသမားတွေက အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ပွဲမျိုးမှာပါ။ ရလဒ်က ဆိုးရွားတဲ့ ရလဒ်တော့မဟုတ်ပါဘူး။

ပထမပိုင်းမှာ ဒေါ့တ်မွန်တို့က ကျွန်တော်တို့ကို ကောင်းကောင်းဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒီကွင်းမှာလာကစားရတာက ခက်ခဲမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပါတယ်။ နေရာတိုင်းအကောင်းဆုံးကစားနိုင်ခဲ့ကြတာပါ။ ရှက်စရာကောင်းတာ တစ်ခုပဲရှိပါတယ်။ သုံးပွဲဆက်တိုက် သရေကျခဲ့ရတာပါပဲ’ ဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ပထမပွဲတွင် ရီးယဲလ်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့်နိုင်ထားသည့်အတွက် လက်ရှိတွင် လေးမှတ်ရရှိထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required