ကွန်ပနီနှင့် ဒီဘရိုင်းတို့ မကြာမီ ပြန်ကစားနိုင်မည်ဟု ဂွါဒီယိုလာ ပြောကြား

ကွန်ပနီနှင့် ဒီဘရိုင်းတို့ မကြာမီ ပြန်ကစားနိုင်မည်ဟု ဂွါဒီယိုလာ ပြောကြား

စက်တင်ဘာ ၂၈၊ စပိန် ။              ။ ကွန်ပနီနှင့် ဒီဘရိုင်းတို့ နှစ်ဦးမှာ နှစ်ပတ်၊ သုံးပတ်ခန့်သာ အနားယူရမည်ဖြစ်ပြီး ဘာစီလိုနာနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းမှာ ဆွမ်ဆီးကို သုံးဂိုး-တစ်ဂိုးဖြင့်နိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နောက်ခံလူကွန်ပနီမှာ ဆွမ်ဆီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားနှစ်ဦးသည် ဒေါက်တာရေမွန်ကုဂက်နှင့် အထူးကုသရန် ဘာစီလိုနာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

နှစ်ဦးစလုံး၏ဒဏ်ရာမှာ ကြီးမားခြင်းမရှိသည့်အတွက် အောက်တိုဘာလ ၁၉ ရက်တွင် ကစားရမည့် ဘာစီလိုနာနှင့်ပွဲမတိုင်မီ ပြန်ကစားနိုင်မည်ဟု နည်းပြ ဂွါဒီယိုလာက ယုံကြည်နေသည်။

‘ဒဏ်ရာရခဲ့တာက သူတို့နှစ်ဦးစလုံးအတွက် ကံမကောင်းတာပါပဲ။ အခု သူတို့နှစ်ဦးစလုံး ကျွန်တော်တို့နဲ့အတူမရှိပေမယ့် အမြန်ဆုံးပြန်ကောင်းလာဖို့ တတ်နိုင်သလောက် ကြိုးပမ်းသွားမှာပါ။

ဒဏ်ရာတွေက မကြီးမားပါဘူး။ နှစ်ပတ်၊ သုံးပတ်လောက်ဆိုပြန်ကောင်းလာမှာပါ။ ဒေါက်တာကုဂက်ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးဆရာဝန်တစ်ဦးပါ။ သူ့ရဲ့ အမြင်၊ သူ့ရဲ့ခေတ်မီတဲ့ကုသမှုတွေကို ခံယူရရှိမှာက ကျွန်တော်တို့အတွက် အလွန်ကံကောင်းပါတယ်’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း အီအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required