အာရုံစူးစိုက်မှု လျော့နည်းလို့ GFA ကို ရှံုးနိမ့်ခဲ့သည် ဟု ရန်ကုန်နည်းပြ ၀န်ခံ

အာရုံစူးစိုက်မှု လျော့နည်းလို့ GFA ကို ရှံုးနိမ့်ခဲ့သည် ဟု ရန်ကုန်နည်းပြ ၀န်ခံ
GFA အသင်းနှင့် ရန်ကုန်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ဖလားပြိုင်ပွဲ ၁၆ အသင်းအဆင့်၌ GFA သင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ကာ ယခုနှစ်ရာသီ ပထမဆုံးရှုံးပွဲတွေ့ကြုံခဲ့ရခြင်းမှာ အာရုံစူးစိုက်မှု လျော့နည်းခဲ့၍ ဖြစ်သည် ဟု ရန်ကုန်နည်းပြချုပ် ဂျက်ဆစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ လိဂ်ပွဲစဉ်များ ပြီးချိန်၌ ပွဲစဉ်အားလုံးအနိုင်ရထားကာ အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နိုင်ခဲ့သည့်အပြင် ဒုတိယနေရာမှ ဧရာဝတီအသင်းကို ရှစ်မှတ်ထိ ဖြတ်ထားနိုင်ခဲ့သည်။

“ အသင်းအနေနဲ့ GFA နဲ့ပွဲမှာ အာရုံစူးစိုက်မှု လျော့နည်းခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ။ ပြိုင်ဘက်ကလည်း အကောင်းဆုံးပုံစံနဲ့ ကစားသွားတာ တွေ့ရပါတယ်။ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ကျော်ကိုကို၊ ကြည်လင်းက ဒဏ်ရာရှိနေလို့ မပါနိုင်ခဲ့တာပါ။ ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ သန်းပိုင်ကတော့ ကြိုးစားအားရော ကစားပုံရော ကောင်းပါတယ်။ ဒါပေမယ့် အတွေ့အကြုံပိုင်းတော့ လိုသေးတယ်လို့ မြင်ပါတယ်။ ဗိုလ်ချုပ်ဒိုင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် လိဂ်ပြိုင်ပွဲကိုတော့ အကောင်းဆုံးပြင်ဆင်သွားမှာပါ ” ဟု ရန်ကုန်နည်းပြ ဂျက်ဆစ်က ပြောသည်။

ရန်ကုန်အသင်းယူနိုက်တက်အသင်းသည် လာမည့် ဇူလိုင်လ ၁၇ ရက်တွင် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဟံသာဝတီအသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required