ဘာစီလိုနာအသင်းတွင် ကစားသမားထက် ၀န်ထမ်းအရေအတွက် ပိုများနေ

ဘာစီလိုနာအသင်းတွင် ကစားသမားထက် ၀န်ထမ်းအရေအတွက် ပိုများနေ

စက်တင်ဘာ ၂၇၊ စပိန် ။                    ။ ဘာစီလိုနာအသင်း၏ ယခုနှစ် ရာသီအတွက် အသင်းလိုက် ဓာတ်ပုံရိုက်ကူးခဲ့ရာတွင် ကစားသမား အရေအတွက်ထက် အသင်းဝန်ထမ်း အရေအတွက်က ပိုများနေသည်ကို တွေ့ခဲ့ရသည်။

ဘာစီလိုနာအသင်းကြီးတွင် ကစားသမား ၂၂ ဦးသာရှိသော်လည်း ဝန်ထမ်းအရေအတွက်မှာ နည်းပြအင်းနရစ် အပါအဝင် ၂၆ ဦးရှိနေသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး အသင်းကြီးတစ်သင်းဖြစ်သလို အဝတ်လဲခန်း ဝန်ထမ်းအရေအတွက် အများဆုံး အသင်းအဖြစ်လည်း ရပ်တည်နေသည်။

ထိုဝန်ထမ်း ၂၆ ဦးတွင် နည်းပြ၊ လက်ထောက်နည်းပြ၊ လေ့ကျင့်ရေးမှူး၊ ပထမအသင်းနည်းပြ၊ ဆေးဝန်ထမ်း၊ ကြံ့ခိုင်ရေးမှူး၊ အကြောပြင်ဆရာ၊ အသင်းနှင့် ကစားသမားများ၏ စွမ်းဆောင်ရည်ကို   ပြန်လည်လေ့လာ သုံးသပ်သူများ၊ အသင်းမန်နေဂျာ၊ အသင်းကိုယ်စားလှယ်နှင့် အထွေထွေ လုပ်သားများပါဝင်ကြသည်။

လက်ရှိမော်ဒန် ဘောလုံးလောကတွင် ဘောလုံး အသင်းတစ်သင်းအတွက် အမျိုးမျိုးသော ကျွမ်းကျင် ဝန်ထမ်းများမှာ မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ ထို့အပြင် အသင်း၏ ဘောလုံး ကင်းထောက်များ မှာလည်း ကမ္ဘာအနှံ့တွင် လုပ်ကိုင်လျက်ရှိနေကြသည်။

ဘာစီလိုနာအသင်းသည် လာလီဂါဖလားကို ၂ နှစ် ဆက်တိုက် ရရှိထားပြီး ယခုနှစ်တွင် သုံးနှစ်ဆက် ရရှိရန်နှင့် ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူနိုင်ရန် ပြင်ဆင် ကြိုးပမ်းလျက်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required