သားသမီးများ ထိန်းသိမ်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်သွားမည့် ဂျိုလီနဲ့ ဘရက်ဒ်ပစ်

သားသမီးများ ထိန်းသိမ်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်သွားမည့် ဂျိုလီနဲ့ ဘရက်ဒ်ပစ်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၇ ။           ။ ဟောလိဝုဒ် အနုပညာလောက၏ အကျော်အမော်များဖြစ်သော အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ဒ်ပစ်တို့သည် ငွေကြေး ပိုင်ဆိုင်မှု ခွဲဝေရေးအတွက်   ပြောပလောက်အောင် ထိခိုက်မှုမရှိဘဲ ပြီးဆုံးသွားနိုင်ဖွယ် ရှိသော်လည်း  သားသမီးများကို ထိန်းသိမ်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင် သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဂျိုလီ နှင့် ဘရက်ဒ်ပစ်တို့  ကွာရှင်းတော့မည်ဟု ကြေညာခဲ့သည့် သတင်းကြောင့် အနုပညာလောကကို တုန်လှုပ်စေခဲ့သည်။ ဘရက်ဒ်ပစ် နှင့် ဂျိုလီတို့သည်  ၎င်းတို့၏ အမေရိကန်ဒေါ်လာ သန်း ၄၀၀ကို ခွဲဝေပေးမည့် လက်မထပ်ခင်က ရေးထိုးထားသော သဘောတူ စာချုပ်တစ်ရပ် ရှိကြောင်း  TMZ က ဖော်ပြသည်။

ဘရက်ဒ်ပစ်သည် လက်မထပ်ခင်က နှစ်ဦးသဘောတူ ရေးထိုးထားသော စာချုပ်စာတမ်းများကြောင့် ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ ရင်ဆိုင် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည် မဟုတ်သော်လည်း သားသမီးများ ထိန်းသိမ်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်သွားမည်ဖြစ်သည်။

ဂျိုလီ နှင့် ဘရက်ဒပ်စ်တို့သည် နယူယော့ခ် တိုက်ခန်း နှင့် ပြင်သစ်နိုင်ငံရှိ စပျစ်ခြံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ တိုက်ခန်းပေါင်း ၁၂ ခန်းကို ပိုင်ဆိုင်ထားသည်။ အများစုသည် ၎င်းတို့ နှစ်ဦး လက်မထပ်ခင်က ဝယ်ထားကြခြင်းဖြစ်ပြီး ၎င်းတို့အနက် တိုက်ခန်း ခုနှစ်ခန်းကို ဘရက်ဒ်ပစ်က  ပိုင်ဆိုင်ပြီး ဂျိုလီက တိုက်ခန်း နှစ်ခန်းကို ပိုင်ဆိုင်သည်။

အသက် ၄၁ နှစ် အရွယ်ရှိ ဂျိုလီ နှင့်  အသက် ၅၂ နှစ် အရွယ် ဘရက်ဒ်ပစ်တို့သည် ဆယ်စုနှစ် တစ်ခုကြာ အတူနေလာခဲ့ပြီးမှ ၂၀၁၄ ခုနှစ်က လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ စုံတွဲသည် သားသမီး အမြွှာနှစ်ဦးထွန်းကားခဲ့ပြီး လေးဦးကို မွေးစားထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဂျိုလီသည် ဘရက်ပစ်နှင့်ကွာရှင်းပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း နှင့် ဂျိုလီသည် တရားရုံးသို့ လျှောက်ထားခဲ့သော စာရွက်စာတမ်းများတွင် သားသမီး   ခြောက်ဦးကို  ထိန်းသိမ်း စောင့်ရှောက်ခွင့်ပေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly