နှစ်ပတ်အတွင်း တတိယမြောက် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်သို့ ထပ်မံဝင်ရောက်

နှစ်ပတ်အတွင်း တတိယမြောက် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်သို့ ထပ်မံဝင်ရောက်

စက်တင်ဘာ ၂၇ ။         ။ သီတင်းပတ် နှစ်ပတ်အတွင်း တတိယမြောက် တိုင်ဖုန်းမုန်တိုင်း စက်တင်ဘာလ ၂၇ ရက်က ထိုင်ဝမ်သို့ ထပ်မံဝင်ရောက်လာပြန်သည်ဟု သိရသည်။ စက်တင်ဘာလ ၂၇ ရက်က တိုင်ဖုန်းမုန်တိုင်း မက်ဂီ ကြောင့် လေပြင်းများကျရောက်ခဲ့ပြီး သစ်ပင်များလဲကျခဲ့သောကြောင့် လူတစ်ဒါဇင်ခန့် ထိခိုက်ဒဏ်ရာရရှိသွားသည်။

ကျောင်းများ၊ ရုံးများ ပိတ်ထားခဲ့ရသကဲ့သို့ လူထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးထားခဲ့ရသည်။ အလားတူ ကုန်လမ်းသွားလာမှုနှင့် လေကြောင်း ခရီးစဉ်များကိုလည်း ဖျက်သိမ်း ရွှေ့ဆိုင်းထားခဲ့ရသည်။

တိုင်ဖုန်းမုန်တိုင်း မက်ဂီသည် တစ်လအတွင်း တတိယမြောက် ထိုင်ဝမ်သို့ ဝင်ရောက်လာသော မုန်တိုင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ထိုင်ဝမ်အရှေ့ခြမ်းသို့ ပြင်းထန်စွာ တိုက်ခတ်မည်ဟု မျှော်လင့်ရသည်။ ယခုအချိန်ထိလည်း ထိုင်ဝမ်အရှေ့ခြမ်းနှင့် မြောက်ခြမ်းတို့တွင် လေပြင်းများကျရောက်မှုရှိခဲ့ပြီး သစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ လဲကျသွားခဲ့သည်။ အလားတူ မိုးသည်းထန်စွာရွာသွန်းမှုများ ရှိနေခဲ့ပြီဟုလည်း သိရသည်။

မုန်တိုင်းကျရောက်ရာ နေရာဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် စစ်သား ၃၅,၅၅၅ ဦးကိုလည်း တပ်ဖြန့်ထားပေးကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

လူပေါင်း ၅,၀၀၀ ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ဘေးကင်း လုံခြုံရာသို့ ပြောင်းရွှေ့ပေးထားရကြောင်း အရေးပေါ်အခြေအနေ စီမံရေး စင်တာက ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် အိမ်ထောင်စုပေါင်း ၃၆,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်မှုနှင့်ပါ ရင်ဆိုင်နေရသည်။

အလားတူ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းအထိ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၅၇၅ ခုထိ ဖျက်သိမ်းထားခဲ့ရပြီး ရထားခရီးစဉ်များပါ ရပ်ဆိုင်းသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required