“ကျွန်းတထောင်ရေလွှမ်းတော့မယ်” အမည်ဖြင့် မှတ်တမ်း ရုပ်ရှင် ရန်ကုန်၊ တောင်ကြီးနှင့် ချင်းမိုင်တွင် ပြသမည်

“ကျွန်းတထောင်ရေလွှမ်းတော့မယ်” အမည်ဖြင့် မှတ်တမ်း ရုပ်ရှင် ရန်ကုန်၊ တောင်ကြီးနှင့် ချင်းမိုင်တွင် ပြသမည်

ချင်းမိုင် ၊ စက်တင်ဘာလ ၂၇ ။              ။ သံလွင်မြစ်ပေါ် တည်ဆောက်မည့် မိုင်းတုံ ရေကာတာ တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဆိုးကျိုး များကို မှတ်တမ်းတင် ရိုက်ကူးထားသည့် “ကျွန်းတထောင်ရေလွှမ်းတော့မယ်” မှတ်တမ်း ရုပ်ရှင်ကို စက်တင် ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်၊ တောင်ကြီးနှင့် ချင်းမိုင်မြို့တို့၌် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် မိုင်းတုံရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ရန် လျာထားခြင်းကြောင့် ခြိမ်းခြောက်ခံနေရသည့် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်ရှိ နမ့်ပိန်းမြစ်၏ ထူးခြားသော အရေးကြီးသည့် သဘာဝရေမြေအလှအပနှင့် နမ့်ပိန်းမြစ် ကို မှီတင်းနေထိုင်ကြသော ဒေသခံများ၏ ဓလေ့ထုံးတမ်းများကို ရိုက်ကူးထားသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယိန်း နွန်အောန် (Ying Nong Awn) က ပြောသည်။

“မှတ်တမ်းထဲမှာ သဘာဝ နမ့်ပိန်မြစ် သူ့သဘာဝအလှတွေ၊ ဘယ်လောက်ကြီးမားတယ်။ လူတွေ ဒီမြစ်ကို ဘယ်လို မှီခို တယ်။ သမိုင်းအကြောင်းတွေ ပြောတယ်။ အဲဒီကျွန်တထောင်ဆိုတဲ့နေရာက   မြစ်နှစ်မြစ်လာဆက်တဲ့နေရာမှာ သွားရှိ နေတယ်လေ။ သူ့ရဲ့ သဘာဝ အနေအထားတွေ ပြောထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသများရှိ ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခန်းများနှင့် ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက် ပွဲများကြောင့် ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများ၏ မေးမြန်းခန်းများလည်း ထည့်သွင်း ထား သည်ဟု သူက ပြောသည်။

“ရည်ရွယ်ချက်က ကျမတု့ိ ရှမ်းပြည် ကွန်ဟိန်နားမှာရှိတဲ့ ကွန်ဟိန် ကျွန်းတထောင် ပေါ့နော်။ အဲဒါတွေရဲ့ အလှအပတွေ၊ သဘာဝ သယံဇာတတွေကို ဖော်ပြချင်တယ်။ ရေကာတာ တည်ဆောက်လို့ရှိရင် သဘာဝပတ်ဝန်းကျင် ဘယ်လို ထိခိုက် သွားမယ်။ အလှအပတွေ ပပျောက်သွားမယ်။ နောက်ပြီးတော့ ဘယ်လို စောင့်ရှောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြ သ ချင်တာလည်း ဖြစ်တယ်။ ရေကာတာ မဆောက်ဖို့ အတွက်ပေါ့နော်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရှမ်းဘာသာဖြင့် “ကွန်ဟိန်”ကို ကွန်းတထောင်ဟု အဓိပ္ဗယ်ရပြီး ကျွန်းတထောင် ရေလွှမ်းတော့မယ် ရုပ်ရှင်တွင် လှပ သည့် သဘာဝ ရှုခင်းများ ကြည့်ရှုနိုင်သည့် ရှားပါးသော အခွင့်အရေးဖြစ်ပြီး ကျွန်းများပေါ်တွင် ဒေသခံ လယ်သမား များ နှင့် တံငါသည်များ ဘဝများအပေါ် သက်ရောက်လာမည့် ဆိုးကျိုးများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ထားသည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

ရုပ်ရှင်မှတ်တမ်းကို ၃၀ မိနစ်ကြာ ရိုက်ကူးထားပြီး အဆိုပါ ရုပ်ရှင်ပြသပြီးနောက် စီစဉ်ရိုက်ကူးခဲ့သူများနှင့် ပရိသတ်တို့ အကြား ဆွေးနွေးမေးမြန်းမှု အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရှိ အော့ခစ် ဟိုတယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ ရှမ်းစာပေယဉ်ကျေးမှု ခန်းမတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ တစ်ပြိုင်တည်း ပြသသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ပါပေါဝ့် ဘုန်းကြီးကျောင်းတွင်မူ ညနေ ပိုင်း ၆ နာရီမှ ၉ နာရီအထိ ပြသသွားမည် ဖြစ်သည်။

ယင်း ရုပ်ရှင်မှတ်တမ်းကို ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံရှိ အလုပ်သမား အဖွဲ့ အ စည်း၊ မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့(Action For Shan State Rivers)က ၆ လကြာ အချိန်ယူ ရိုက်ကူးထား သည်ဟု သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါ မြို့ကြီး ၃ မြို့တွင် တစ်ပြိုင်နက် ပြသသွားမည့်အပြင် ဒီဗွီဘီ ရုပ်မြင်သံကြား အ စီ အစဉ်နှင့် ထိုင်းပီဘီအက်စ်(Thai PBS) တို့တွင်လည်း ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required