လက်ရှိအခြေအနေကို အမြန်ဆုံးဖြေရှင်းသွားမည်ဟု ပရိသတ်များထံသို့ ၀က်စ်ဟမ်းအသင်းပိုင်ရှင်များ စာရေးသားပေးပို့

လက်ရှိအခြေအနေကို အမြန်ဆုံးဖြေရှင်းသွားမည်ဟု ပရိသတ်များထံသို့ ၀က်စ်ဟမ်းအသင်းပိုင်ရှင်များ စာရေးသားပေးပို့

စက်တင်ဘာ ၂၇၊ အင်္ဂလန် ။            ။ လက်ရှိဝက်စ်ဟမ်းအသင်းကြုံတွေ့နေရသော ပြဿနာများကို အမြန်ဆုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း အသင်းပိုင်ရှင်များဖြစ်သော ဒေးဗစ်ဂိုးနှင့် ဒေးဗစ်ဆူလီဗန်တို့က ပရိသတ်များထံသို့ စာရေးသားပေးပို့ခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲပြီးဆုံးချိန်တွင် ၅ ပွဲရှုံး ၁ ပွဲနိုင်ရလဒ်ရရှိထားပြီး အသင်းသမိုင်းတွင် အဆိုးရွားဆုံးရာသီစတင်မှုဖြင့် ကြုံတွေ့နေရသည်။ ပြီးခဲ့သည့်အပတ်က ဆောက်သမ်တန်အသင်းကို အိမ်ကွင်းတွင် သုံးဂိုးပြတ်ရှုံးခဲ့ရပြီး အသင်းပရိသတ်အချို့က နည်းပြဘီလစ်ကို ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိခဲ့ကြသည်။

အသင်းပိုင်ရှင်နှစ်ဦးက လက်ရှိပြဿနာများကြုံတွေ့နေရသည့် အဓိက အကြောင်းအရင်းများမှာ အသင်း၏အဓိကကစားသမားအချို့ဒဏ်ရာရရှိနေခြင်းနှင့် ယခုရာသီတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အချို့က အသင်းကိုထိခိုက်စေခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

‘ကျွန်တော်တို့အသင်းက ဂိုးတွေအများကြီးပေးနေရပြီး လုံလောက်တဲ့သွင်းဂိုးတွေ ပြန်မသွင်းနိုင်ဘူးဆိုတာ သိပါတယ်။ ဒီပြဿနာကို သေချာပေါက်ဖြေရှင်းသွားမှာပါ။

အဓိက ပြဿနာတွေကတော့ အသင်းရဲ့ အဓိကကစားသမားတွေ ဒဏ်ရာရနေပြီး အဓိကကျတဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ကို ပြန်ထိခိုက်စေခဲ့တာပါပဲ။ ကျွန်တော်တို့ဆင်ခြေပေးနေတာမဟုတ်ပါဘူး။ နည်းပြ ဘီလစ်နဲ့အသင်းသားအားလုံးဟာ လေ့ကျင့်ရေးကွင်းမှာ တကယ်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်နေကြတာပါ’ ဟု ပရိသတ်များထံ စာရေးသားပေးပို့ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required