ဆော်ဒီအာရေဗျတွင် အမျိုးသားအုပ်ထိန်းသူစနစ် ပယ်ဖျက်ရန် အမျိုးသမီး တစ်သောင်းကျော် လက်မှတ်ရေးထိုးတောင်းဆို

ဆော်ဒီအာရေဗျတွင် အမျိုးသားအုပ်ထိန်းသူစနစ် ပယ်ဖျက်ရန် အမျိုးသမီး တစ်သောင်းကျော် လက်မှတ်ရေးထိုးတောင်းဆို

ရီယတ်၊ စက်တင်ဘာ ၂၇ ။          ။ ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးပေါင်း ၁၄၀၀၀ ကျော်က နိုင်ငံရှိ အမျိုးသားအုပ်ထိန်းသူစနစ်ကို ပယ်ဖျက်ရန် အစိုးရထံ လက်မှတ်ရေးထိုးတောင်းဆိုသည်။

ဆော်ဒီအာရေဗျတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားအုပ်ထိန်းသူပါရှိမှသာ ပြည်ပသို့ ခရီးသွားနိုင်ခြင်း၊ ရံဖန်ရံခါ အလုပ်လုပ်လိုလျှင်ဖြစ်စေ၊ ပညာသင်လိုလျှင်ဖြစ်စေ အမျိုးသားအုပ်ထိန်းသူ ခွင့်ပြုမှ လုပ်ဆောင်နိုင်ခြင်း စသည့် အမျိုးသားအုပ်ထိန်းသူစနစ် ရှိနေသည်။

အဆိုပါလက်မှတ်ရေးထိုးမှုက အွန်လိုင်းပေါ်မှ လှုံ့ဆော်မှုမှ စတင်လာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းကြောင့် အလွန်ဂုဏ်ယူကြောင်း၊ သို့သော် တုံ့ပြန်မှုရလဒ် ရဖို့ လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူ အဇီဇာယူဆွတ်က ဘီဘီစီသို့ ပြောသည်။

ရှေးရိုးစွဲအစ္စလာမ္မစ် ဆော်ဒီအာရေဗျနိုင်ငံတွင် ပတ်စ်ပို့လျှောက်ခြင်း၊ လက်ထပ်ခြင်းနှင့် ပြည်ပသွားရောက်ခြင်းများတွင် အမျိုးသမီးများက ဖခင်၊ အစ်ကိုမောင်နှင့် အခြားဆွေမျိုးအမျိုးသားများ၏ ခွင်ပြုချက်ရယူရပြီး တစ်ခါတစ်ရံ မုဆိုးမများတွင် သားဖြစ်သူထံမှပင် ခွင့်ပြုချက် ယူရခြင်းများရှိနေသည်။

အိမ်ငှားရမ်းခြင်း၊ ဆေးကုသခြင်း သို့ဟုတ်တရားတဘောင်ဖြစ်ပွားခြင်းများတွင်လည်း အမျိုးသားအုပ်ထိန်းသူ၏ ခွင့်ပြုချက်လည်း ယူရသည်။ မလျော်ကန်စွာ ပြုမူတတ်ပြီး တင်းကြပ်လွန်းသော အမျိုးသားအုပ်ထိန်းသူများနှင့် ရင်ဆိုင်ရသည့် အမျိုးသမီးများအတွက် အားကိုးအားထားပြုစရာ အခွင့်အလမ်းက နည်းပါးလွန်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required