ကက်ရှ်မီးယားအား အပိုင်ပြုလိုသည့် ပါကစ္စတန်၏ အိပ်မက်ကို စွန့်လွှတ်ရန် အိန္ဒိယက သတိပေး

ကက်ရှ်မီးယားအား အပိုင်ပြုလိုသည့် ပါကစ္စတန်၏ အိပ်မက်ကို စွန့်လွှတ်ရန် အိန္ဒိယက သတိပေး

ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၇ ။              ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စက်တင်ဘာ ၂၆ ရက်က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက မိန့်ခွန်း ပြောကြားရာ၌ ပါကစ္စတန်အား အကြမ်းဖက်ဝါဒနှင့် စွပ်စွဲကာ ကက်ရှ်မီးယား အငြင်းပွား နယ်မြေအား ဝင်ရောက် ထိန်းချုပ်ခြင်းကို အိန္ဒိယက ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း သတိပေး ပြောဆိုသွားသည်။

ကက်ရှ်မီးယားတွင် အိန္ဒိယ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေရှည် ရန်ဖက်များဖြစ်လာသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်လာသည်။ စစ်စခန်း တိုက်ခိုက်ခံရမှုကို ပါကစ္စတန်တွင် အခြေစိုက်သော စစ်သွေးကြွများက ကျုးလွန်သည်ဟု အိန္ဒိယက အပြစ်ပြောထားသည်။

“ပါကစ္စတန်က ခံငြင်းနေတုန်းဖြစ်တယ်။ ကက်ရှ်မီးယားကို ပိုင်ဆိုင်ဖို့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ရင် ရမည်လို့ ယုံပြီး မလျှော့တမ်း လုပ်ဆောင်နေတာဖြစ်တယ်။”ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှမာဆာဝါရက်က ပြောသည်။

“ကျွန်တော်ပြောလိုတာက ပါကစ္စတန်အနေနဲ့ လက်လွှတ်လိုက်ပါ။ ဒီအိပ်မက်ကို စွန့်လွှတ်လိုက်ပါ။ ကျွန်တော်ကို ပြတ်ပြတ်သားသား ပြောခွင့်ပြုပါ။ ဒါကတော့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားဟာ အိန္ဒိယရဲ့ အစိတ်အပိုင်းပါ။ အမြဲတမ်း အိန္ဒိယ ပိုင်ဖြစ်မှာပါ။”ဟု ၎င်းက ပြောသည်။

ဗြိတိသျှလက်အောက်က ၁၉၄၇ တွင် လွတ်မြောက်ပြီးနောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်ကြား ကက်ရှ်မီးယားက ကွဲထွက်ခဲ့ခြင်းဖြစ်သည်။ ဟိမဝန္တာနယ်မြေဖြစ်သော ကက်ရှ်မီးယားအား နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေပြီး နယ်မြေတစ်ခုလုံး ပိုင်ဆိုင်မှုအတွက် နှစ်ကြိမ်တိုင် စစ်မက်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags