ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့ စကားစစ်ထိုးပွဲ စတင်

ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့ စကားစစ်ထိုးပွဲ စတင်

နယူးယောက်၊ စက်တင်ဘာ ၂၇ ။         ။ အမေရိကန် သမ္မတလောင်း နှစ်ဦးဖြစ်သော ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့၏ ရွေးကောက်ပွဲ မဲဆွယ်မှုများမှ ပထမဆုံး ရုပ်သံစကား စစ်ထိုးပွဲကို စတင်ရာ အလုပ်အကိုင် ဖန်တီးမှုနှင့် ပတ်သက်ပြီး တစ်ဦးနှင့် တစ်ဦး ငြင်းခုံစကားစစ်ထိုးကြသည်။

ဒေါ်နယ်ထရန့်က အလုပ်အကိုင်များ တိုင်းပြည်အတွင်း ဆုံးရှုံးနေကြောင်း ပြောပြီး ညံ့ဖျင်းသည့် ကုန်သွယ်ရေးသဘောတူညီမှုများကြောင့်ဖြစ်ကြောင်း အပြစ်ဆိုသည်။

ပြိုင်ဖက်ဖြစ်သည့် ဟီလာရီက ရင်းနှီးမြုပ်နှံမှုများ ထပ်တိုးကာ အလုပ်အကိုင်ပေါင်း ဆယ်သန်းဖန်တီးပေးမည်ဟု ပြောသည်။

နယူးယောက်တွင် ပြုလုပ်သော ယခုစကား စစ်ထိုးပွဲကို ကြည့်ရှုသူပေါင်း သန်း ၁၀၀ ဖြင့် ရုပ်မြင်သံကြား သမိုင်းတစ်လျှောက် ကြည့်ရှုသူ အများဆုံး စကားစစ်ထိုးပွဲ ဖြစ်ဖွယ်ရှိပြီး အကြိတ်အနယ် ယှဉ်ပြိုင်မှု တစ်ရပ်လည်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးက ကြီးတယ်။ ဆူဖြိုးတယ်။ ပြီးတော့ အကျည်းတန်တဲ့ စီးပွားရေးပါပဲ။”ဟု ဒေါ်နယ်ထရန့်က ပြောကာ ဟီလာရီကိုလည်း “လေလုံးပဲထွားပြီး လက်တွေ့မပါသူဖြစ်ကြောင်း” အပြစ်ပြောသည်။

အခွန်ဆောင်မှုကို ထုတ်ပြန်ခြင်း မရှိသည့်အတွက် ဒေါ်နယ်ထရန့်က ထိုးနှက်ခံရသည်။

သို့သော် ပြိုင်ဖက်ဖြစ်သူ ဟီလာရီကလင်တန်၏ ပေါက်ကြားသည်ဆိုကာ စုံစမ်း စစ်ဆေးခံရသည့် အီမေးလ် ၃၃၀၀၀ ကို ထုတ်ပြန်ပေးပါက ၎င်း၏ အခွန်ဆောင်မှု ကိစ္စရပ်ကိုလည်း ထုတ်ပြန်မည်   ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဒေါ်နယ်ထရန့်က ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဒေါ်နယ်ထရန့်သည် ရုရှသမ္မတ ပူတင်အား အမွှမ်းတင်သူဖြစ်ပြီး သူ့၏ အီးမေးလ်များကိုလည်း ရထားသူဖြစ်နိုင်ကြောင်း ပြောသည်။

“ဒေါ်နယ်ထရန့်က အမေရိကန်ကို ဟက်ကာဖောက်ထွင်းဖို့ ပူတင်ကို လူသိရှင်ကြား ဖိတ်ခေါ်ခဲ့တဲ့ သတင်းကြားတော့ ကျွန်မ တော်တော်လေး ခြောက်ခြားရတယ်။ ဒါက လက်မခံနိုင်စရာပါပဲ။   ဒေါ်နယ်ထရန့်က စစ်ဦးစီးချုပ်နေရာနဲ့ ထိုက်တန်သူမဟုတ်ပါဘူး။”ဟု ဟီလာရီကလင်တန်က ပြန်လည် ထိုးနှက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required