ကရင် စစ်ဘေးရှောင် ၅၀၀၀ ခန့် ရေသန့်စင်မှု စနစ်အခက်အခဲကြံုတွေ့နေရ

ကရင် စစ်ဘေးရှောင် ၅၀၀၀ ခန့် ရေသန့်စင်မှု စနစ်အခက်အခဲကြံုတွေ့နေရ
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာ၂၆ ။             ။ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် မြိုင်ကြီးငူအထူးဒေသကို သွားရောက်ရှောင်တိမ်းခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ခန့်သည် ရေသန့်စင်မှုစနစ်အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါဒေသသို့ သွားရောက်ကူညီနေသည့် တွဲလက်လူငယ်များ ပရဟိတအဖွဲ့ခေါင်းဆောင် ဒေါက်တာဟိန်းပြည့်စုံအောင်က မဇ္ဈိမသို့ပြောသည်။

"အဓိက လိုအပ်ချက်က ရေသန့်စင်မှု စနစ်ပေါ့။ ရေရှည်အတွက်ဆိုရင် မလွယ်ဘူးခင်ဗျ၊ အခုထိတော့ ကျွန်တော်တို့ တောင့်ထားနိုင်သေးတယ်" ဟု ဒေါက်တာဟိန်းပြည့်စုံအောင်ကပြောသည်။

ယခုအချိန်တွင် မြိုင်ကြီးငူဒေသတွင် စစ်ဘေးရှောင် ဒုက္ခသည် ငါးထောင်ခန့်အထိ ရှိနေပြီး ကလေးအရေအတွက်သည် နှစ်ထောင်ခန့် ရှိနေကြောင်း သောက်ရေအသုံးပြုဖို့ နေ့စဉ် ကျပ်ငွေ သုံးသောင်းခွဲဖိုးခန့် ကုန်ကျနေကြောင်း ၎င်းက ပြောသည်။

"ငါးထောင်လောက်ရှိပြီ။ ကလေးကတော့နှစ်ထောင်လောက်ရှိတယ်။ အခုလက်ရှိတော့ ရေသန့်စင်စက် လှူဖို့ လုပ်နေတာရှိတယ်"ဟု ပြောသည်။

စက်တင်ဘာလ အစောပိုင်းက စပြီး DKBA ခွဲထွက်အဖွဲ့ဟု လူသိများသည့် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) အဖွဲ့ နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ မြိုင်ကြီးငူဒေသသို့ စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

မြဝတီ- ကော့ကရိတ်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပေမယ့် မိုင်းအန္တရာယ်များ ရှိနေသေးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာ ၂၃ ရက်နေ့နောက်ပိုင်း တိုက်ပွဲငယ်များပြန်လည်ဖြစ်ပွားလာခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာ ၅၀၀၀ ခန့်အထိ တိုးလာနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required