ကေအေတီလွမ်းဆွတ်ခြင်း အထိမ်းအမှတ် စီးရီးခွေထွက်မည်

ကေအေတီလွမ်းဆွတ်ခြင်း အထိမ်းအမှတ် စီးရီးခွေထွက်မည်
ကေအေတီလွမ်းဆွတ်ခြင်းအထိမ်းအမှတ် စီးရီးခွေ သတင်းစာရှင်းလင်းပွဲမြင်ကွင်း။ (ဓာတ်ပုံ- ဝေဝေနှင်း)

စက်တင်ဘာ ၂၆၊ ရန်ကုန်။           ။ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေး ကေအေတီအား လွမ်းဆွတ်ခြင်း အထိမ်းအမှတ် အဖြစ် နာမည်ကျော် တေးသံရှင် ၁၂ဦး  ပါဝင်တဲ့ တေးစီးရီးသစ် ထွက်ရှိမှာ ဖြစ်ပါတယ်။

အဆိုပါ တေးစီးရီးကို ကေအေတီ မကွယ်လွန်ခင်ချိန်က စီစဉ်ခဲ့တာ ဖြစ်ပြီး သူကွယ်လွန်ချိန်မှာ တေးသီချင်းလေးပုဒ်သာ ရေးစပ်နိုင်ခဲ့တာမို့ အခြားသော တေးရေးဆရာများမှလည်း ပါဝင်အားဖြည့်ရေးသားပေးခဲ့ကြပါတယ်။“ ခမ်းနားနဲ့ ဘဝရဲ့ ကဗျာ” လို့ နာမည်ပေးထားပြီး တေးသီချင်းသစ် ၁၂ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။

ပါဝင်ရေးသားထားတဲ့ တေးရေးဆရာတစ်ဦးဖြစ်တဲ့ တေးရေးရွှေဂျော်ဂျော်က “ ကေအေတီကို လွမ်းခြင်းအားဖြင့်၊ ချစ်ခြင်းအားဖြင့် ဝန်းရံပေးထားတဲ့ အခွေလေးပါ။ ဒါ့ကြောင့် အချစ်တွေ အလွမ်းတွေ ပြည့်နေမယ့် အခွေလေးလို့လည်း ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။

ခမ်းနားတဲ့ ဘဝရဲ့ ကဗျာ အခွေတွင် ကေအေတီရေးဖွဲ့ခဲ့တဲ့ တေးသီချင်းတွေ အပါအဝင် တေးရေး ညီညီသွင်၊ ရွေဂျော်ဂျော်၊ နိုင်းနိုင်၊ R ခိုင်၊ ငယ်ဆူးသစ်၊ မြင့်မိုးအောင်၊ ဇဝါ၊ လင်းလင်း တို့ရဲ့ တေးသီချင်းလည်း ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါတေးသီချင်းများကို ပုံဖော်သီဆိုမည့် တေးသံရှင်များကတော့ ဟန်ထွန်၊ ဇော်ပိုင်၊  R ဇာနည်၊ သအို၊ ကောင်းမြတ်၊စိုင်းလိတ်၊L ဆိုင်းဇီ၊ ဖြူဖြူကျော်သိန်း၊ ပိုးရည်၊ ချမ်းချမ်း၊ Nကိုင်ရာနှင့် ခင်စုစုလှိုင်တို့ ဖြစ်ပါတယ်။

“ ကိုကေအေတီက ဖြူဖြူတို့အတွက် အစားထိုးမရတဲ့ တေးရေးဆရာတစ်ယောက်ပါ။ ဒီအခွေလေးထဲမှာ ဖြူဖြူက ကိုရွှေ (ရွှေဂျော်ဂျော်) ရေးပေးထားတဲ့ သီချင်းလေး တစ်ပုဒ်ဆိုထားပါတယ်။ ကော်ပီသီချင်းလေး တစ်ပုဒ်ပါပဲ။ ဒီသီချင်းကို ဖြူဖြူ ၂၀၁၄ ခုနှစ်ကတည်းက ဆိုထားတာပါ။ အချိန်အကြာကြီး ယူပြီး လုပ်ခဲ့ရတဲ့ အခွေလေးလည်းဖြစ်တယ်၊” လို့ တေးသံရှင်ဖြူဖြူကျော်သိန်းက ပြောပါတယ်။

တေးရေး ကေအေတီအခွေတွင် အခြားတေးရေးဆရာတစ်ယောက်ရဲ့ တေးသီချင်းကို သီဆိုရတာနဲ့ ပတ်သက်လို့ စီစဉ်သူက သူမနှင့် လိုက်ဖက်မယ့် သီချင်းကိုရွေးချယ်ပေးခဲ့တာဖြစ်ပြီး သူမကိုယ်တိုင် အရမ်းကြိုက်နှစ်သက်တာဖြစ်လို့ သီဆိုခဲ့ရတာလို့လည်း ထပ်မံ ပြောပါတယ်။

အဆိုပါ ခမ်းနားတဲ့ ဘဝရဲ့ ကဗျာ တေးစီးရီးကို တေးရေး ကေအေတီ ကွယ်လွန်ပြီး သုံးနှစ်နဲ့ သုံးလ အကြာမှာ အောက်တိုဘာ ၂ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Bo Bo Entertainment မှ ဖြန့်ချိမှာဖြစ်ပါတယ်။ ယင်းပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ ကိုတော့ စက်တင်ဘာ ၂၂ ရက်က ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly