လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူဖို့ လွှတ်တော်အတည်ပြု ၊ ကော်မရှင်ရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဆက်လုပ်သွားမယ်လို့ သမ္မတရုံးပြောခွင့်ရသူပြော

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူဖို့ လွှတ်တော်အတည်ပြု ၊ ကော်မရှင်ရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဆက်လုပ်သွားမယ်လို့ သမ္မတရုံးပြောခွင့်ရသူပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့အား ထိရောက်စွာအရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် စက်တင်ဘာ ၂၆ရက်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးအား လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဆိုသော ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ၏ အမှုအပေါ် လျော်ကြေးဖြင့် ကြေအေးရန် ညှိနှိုင်းဖြေရှင်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်မပေးသဖြင့် ထိရောက်စွာအရေးယူရန် ဒေါပုံအမတ် ဦးပြုံးချို၏ အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဦးပြုံးချို၏ အရေးကြီးအဆိုအပေါ် ရွေးကောက်ခံလွှတ်တော်အမတ် ၁၅ဦးနှင့် တပ်မတော်သားအမတ် ၁ဦး၊ စုစုပေါင်း ၁၆ဦးတို့က ဆွေးနွေးခဲ့ကြပြီး ကော်မရှင်၏ သဘောထားပြောဆိုပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၇၄မဲ၊ ကန့်ကွက်မဲ ၁မဲနှင့် ကြားနေ ၈မဲအဖြစ် မဲရလဒ်ထွက်ပေါ်သဖြင့် အဆိုအား အတည်ပြုပါကြောင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြော်ငြာခဲ့သည်။

အရေးကြီးအဆိုအပေါ် လွှတ်တော်က အတည်ပြုလိုက်သည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရသူ ဦးဇော်ဌေးအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “လူ့အခွင့်အရေးကော်မရှင်ကို ကျွန်တော်တို့ သမ္မတရုံးအနေနဲ့ ညွှန်ကြားထားတယ်။ အဲ့ဒီကိစ္စ(အင်းဝအပ်ချုပ်ဆိုင်)နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်တွေ၊ အဲ့ဒါတွေကို အမြန်ဆုံးတင်ပြဖို့ ပြောထားတယ်။ နောက်တစ်ခုက လွှတ်တာ်ကလည်း သူ့လုပ်ငန်းစဉ်အတိုင်း သမ္မတဆီ လွှဲလာလိမ့်မယ်။ ရောက်လာလို့ရှိရင် ဟိုဘက်က ကော်မရှင်ရဲ့ အစီရင်ခံစာတင်ပြချက်ပေါ် မူတည်ပြီးတော့ လူကြီးတွေ ဆက်လုပ်ပါလိမ့်မယ်” ဟု ပြောသည်။

မည်သည့်အတိုင်းအတာအထိ အရေးယူသွားမည်ကို ဆက်လက်မေးမြန်းရာတွင် “ကော်မရှင်ရဲ့ ရှင်းလင်းတင်ပြချက်ကို ကြည့်ရဦးမယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဆွေးနွေးခဲ့သည့် လွှတ်တော်အမတ်အများစုကမူ လက်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးမှုများရှိသလို ကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ တပ်မတော်သားလွှတ်တော်အမတ်ဖြစ်သူ ဗိုလ်မှူးအောင်ဇင်မင်းကလည်း ကော်မရှင်၏ အားနည်းချက်များကို ထောက်ပြဆွေးနွေးခဲ့သည်။

ကျောက်တံတားမြို့နယ်အမတ်၊ ဦးနေမျိုးထက်က “တရားဥပဒေကို ငွေပေးပြီး ကျေနပ်လျှင် ပြီးစတမ်းဟူသော သဘောဖြစ်နေပါတယ်။ တရားဥပဒေကို ငွေဖြင့် လွှမ်းမိုးခွင့်ပေးရာရောက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့၏ တာဝန်ပျက်ကွက်မှုမှာ သိသာထင်ရှားနေပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

ယင်းအမှုကို Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက စုံစမ်းဖော်ထုတ်ပြီး ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ကနဦး တိုင်ကြားခဲ့သည်။ ယင်းနောက် ကော်မရှင်က အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်အချို့၊ အမျိုးသမီးငယ်နှစ်ဦး၏ မိသားစုဝင်အချို့၊ တိုင်ကြားခဲ့သူ ကိုဆွေဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များကိုခေါ်ယူကာ လျော်ကြေးငွေကျပ် သိန်း(၅၀)ဖြင့် ကြေအေးရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းကိစ္စအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက “နစ်နာသူများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း” ဟု လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

အိမ်အကူကလေးငယ်နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များအား စက်တင်ဘာ ၂၁ရက်နေ့တွင် တရားစွဲဆိုထားပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းမိထားပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၆၂တွင် ပေးအပ်ထားသော တာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ သဘောထား မှတ်ချက်ပေးခြင်းနှင့် ထင်မြင်ချက်ပေးခြင်းတို့အတွက် ကော်မရှင်ကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ၊ ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူကိုဖြစ်စေ ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

သို့ရာတွင် နိုင်ငံတော်သမ္မတအနေဖြင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်များအား တာဝန်မှရပ်စဲနိုင်သည်ဟုလည်း အဆိုပါ ဥပဒေပုဒ်မ ၁၈ တွင် ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required